25 C
Yangon

ရန်ကုန် နည်းပညာတက္ကသိုလ်တွင် စစ်တပ်က တပ်စွဲရန် ပြင်ဆင်နေပြီး ကျောင်းဝင်း အတွင်းရှိ CDM ဝန်ထမ်း လိုင်းခန်းများနှင့် ပစ္စည်းများကို ဖျက်ဆီး

Must read

ရန်ကုန် နည်းပညာတက္ကသိုလ်တွင် စစ်တပ်က တပ်စွဲရန် ပြင်ဆင်နေပြီး ကျောင်းဝင်း အတွင်းရှိ CDM ဝန်ထမ်း လိုင်းခန်းများနှင့် ပစ္စည်းများကို ဖျက်ဆီး

ရန်ကုန်၊ ဒီဇင်ဘာ ၈

ရန်ကုန် နည်းပညာတက္ကသိုလ်တွင် အကြမ်းဖက် စစ်တပ်က တပ်စွဲရန် ပြင်ဆင်နေပြီး ကျောင်းဝင်း အတွင်းရှိ CDM လိုင်းခန်းများနှင့် ပစ္စည်းများကို ဖျက်ဆီးခဲ့​ကြောင်း ရန်ကုန် နည်းပညာ တက္ကသိုလ် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာ ၆ ရက်နေ့နှင့် ၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က double cup ကား ၁ စီး၊ အရပ်သားကား ၁ စီးဖြင့် ရန်ကုန် နည်းပညာတက္ကသိုလ်ကို ရောက်ရှိလာပြီး အားကစားရုံအနီး၌ မြေနေရာ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့​ပြီး တပ်စွဲရန် ပြင်ဆင်နေကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က မြေနေရာ လာရောက်ကြည့်ရှုခြင်းမှာ ရန်ကုန် နည်းပညာတက္ကသိုလ်သည် ရန်ကုန်လေဆိပ်နှင့် အလွန်နီးကပ်ပြီး မြေမျက်နှာသွင်ပြင် လျှိုမြောင်များရှိခြင်းကြောင့် ဖြစ်ကြောင်း ရန်ကုန် နည်းပညာတက္ကသိုလ် သတင်းရင်းမြစ် တစ်ဦးက ပြောဆိုသည်။

ဒီဇင်ဘာလ ၁ ရက်နေ့ကလည်း ရန်ကုန်နည်းပညာတက္ကသိုလ် စီမံခန့်ခွဲရေး ကော်မတီက တက္ကသိုလ်ဝင်းအတွင်းရှိ CDM ဝန်ထမ်း အိမ်ထောင်သည် လိုင်းခန်းများကို ဖယ်ရှားရန် စာတစ်စောင် ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းအမိန့်စာတွင် အချိန် ၂ ရက်ပေးသည်ဟု ဖော်ပြထားသော်လည်း ဒီဇင်ဘာလ ၂ ရက်နေ့က စတင်ကာ အဆိုပါ ဝန်ထမ်း လိုင်ခန်းများရှိ ပစ္စည်းများနှင့် နေအိမ်များကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ လိုင်းခန်းများတွင် ၀န်ထမ်းများ နေထိုင်ခြင်းမရှိသည်မှာ ကြာပြီ ဖြစ်ပြီး ပစ္စည်းများသာ ရှိကြောင်း၊ CDM ဝန်ထမ်းများက Non CDM ဝန်ထမ်းများကို ကြောက်လန့်သောကြောင့် ပစ္စည်းများ လာရောက် ယူဆောင်ခြင်း မရှိကြောင်း၊ နေအိမ်ရှိ ပစ္စည်းများကို ဖျက်ဆီးပြီးနောက် သော့ခတ်သည့် နယ်မြေဌာနမှ Non CDM ဝန်ထမ်း ၀င်းနိုင်က CDM ဝန်ထမ်းများကို ကြိမ်းမောင်းပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

ယင်းဝန်ထမ်း လိုင်းခန်းများနှင့် နေအိမ်များကို ဖျက်ဆီးခြင်းကို ဒုတိယပါမောက္ခချုပ် ဒေါက်တာလှမျိုးထွန်းက ဦးစီးပြီး သတ္တုတူးဖော် အင်ဂျင်နီယာဌာနမှ ပါမောက္ခ အောင်လေးတင်၊ လျှပ်စစ်အင်ဂျင်နီယာဌာနမှ ပါမောက္ခ စိုး၀င်း၊ ရေနံအင်ဂျင်နီယာဌာနမှ ဒုတိယပါမောက္ခ အာကာထွန်း၊ စီမံဌာနကြီးမှူး ဆရာမ ဒေါက်တာသင်းသင်းမာ၊ စီမံမှ စန်းစန်းဦးတို့က ကြီးကြပ် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယင်း ဝန်ထမ်း လိုင်းခန်းနှင့် နေအိမ်များကို ဖျက်ဆီးပြီးနောက် Non CDM ဝန်ထမ်းများသည် မင်းမဟာ လက်ဖက်ရည်ဆိုင်တွင် စားသောက်ကြပြီး “သူတို့ အမေစု ဘာများ လုပ်ပေးနိုင်လို့လဲ” ဟု ရယ်မော လှောင်ပြောင်ကာ အောင်ပွဲခံခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်နည်း ပညာတက္ကသိုလ်ကို ၂၀၂၂ ခုနှစ်တွင် အခြားဒေသများမှ Non CDM ဝန်ထမ်း အသစ်များ ပြောင်းလာပြီး ၎င်းတို့ထဲတွင် စစ်တပ်အရာရှိဟောင်းများလည်း ပါဝင်ကာ CDM ဝန်ထမ်းများကို ၎င်းတို့ telegram များတွင် ‌တိုင်တန်း ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ရန်ကုန် နည်းပညာတက္ကသိုလ်ကို လွိုင်ကော်တက္ကသိုလ်ကဲ့သို့ ဖြစ်မည်စိုး​ရိမ်ကြောင်းလည်း ၎င်းတို့၏ Telegram များတွင် ဖော်ပြထားကြောင်း ရန်ကုန်နည်းပညာတက္ကသိုလ် သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article