27 C
Yangon

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမား ၈၀ ကျော် အထောက်အထား စာရွက်စာတမ်းများ ထုတ်ပေးမည်ဟု ဆိုကာ ငွေလိမ်ခံရ၊ ငွေလိမ်ခံရသော မြန်မာနိုင်ငံသား ၃၀၀ ကျော် ကျပ်သိန်း ၇၀၀၀ ကျော် ပါသွားပြီး မဲဆောက်တွင် သောင်တင်နေ

Must read

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမား ၈၀ ကျော် အထောက်အထား စာရွက်စာတမ်းများ ထုတ်ပေးမည်ဟု ဆိုကာ ငွေလိမ်ခံရ၊ ငွေလိမ်ခံရသော မြန်မာနိုင်ငံသား ၃၀၀ ကျော် ကျပ်သိန်း ၇၀၀၀ ကျော် ပါသွားပြီး မဲဆောက်တွင် သောင်တင်နေ

ရန်ကုန်| ဒီဇင်ဘာ ၉

မြန်မာ ရွှေ့ပြောင်း လုပ်သမား ၈၀ ဦးကျော်ကို ထိုင်းပွဲစား အမျိုးသမီးတစ်ဦးက ဘန်ကောက်မြို့တွင် သွားရောက် အလုပ်လုပ်ကိုင်ဖို့အတွက် အထောက်အထား စာရွက်စာတမ်းများကို ပြုလုပ်ပေးမည်ဟု ဆိုကာ ငွေကြေး လိမ်လည်သွားကြောင်း သိရသည်။

အဆိုပါ မြန်မာရွှေ့ပြောင်း အလုပ်သမားသည် ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ယခုနှစ်ထဲတွင် ရောက်ရှိနေခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံသား အမျိုးသမီးတစ်ဦး ဖြစ်သော ပွဲစားဆိုသူ က MOU စနစ် စာရွက် စာတမ်းများကို ၁၅ ရက်မှ ၂၀ ရက် အတွင်း အပြီး လုပ်ပေးမည်ဟု ဆိုကာ လိမ်လည် ခဲ့ခြင်းဖြစ်သည်။

ထိုင်း-မြန်မာ နယ်စပ် ဖြစ်သည့် မဲဆောက်မြို့ အမှတ် (၁) ချစ်ကြည်ရေး တံတား အနီးတွင် ရှိသည့် ထိုင်းနိုင်ငံသားပိုင်း နေအိမ် တစ်လုံးတွင် အဆိုပါ အမျိုးသမီးက မြန်မာ ရွှေ့ပြောင်း လုပ်သမား ၈၀ ဦးကျော်ကို ထားရှိကြောင်း သိရသည်။

ငွေကြေးလိမ်လည်ခံရသူ ပဲခူးတိုင်းကနေရောက်နေသည့် ကိုဝေလင်းအောင်က “ဒီဖက်ကို ကျနော်တို့ ရောက်လာချိန်မှာ ပြည်တွင်းက အသိ ပွဲစားနဲ့ တဆင့် ချိတ်ဆက်ပြီး ရောက်လာခြင်း ဖြစ်တယ်။ အစ ပထမတော့ သူတို့ ကောင်းကောင်း မွန်မွန် ထားပါသေးတယ်၊ နောက်တော့ သူတို့ လုပ်ပေးမယ် ဆိုတဲ့ စာရွက်စာတမ်းတွေ မလုပ်ပေးတာ ကြာတော့မှ ပြဿနာ ရှာမှ လူ ၈၁ ဦးကို သူတို့ ထားထားတဲ့ နေအိမ်မှာ ရေဖြတ် မီးဖြတ် အစားအသောက်တွေပါ ဖြတ်ခံနေရတယ်”ဟု ပြော သည်။

အဆိုပါ မြန်မာရွှေ့ပြောင်း အလုပ်သမား အများစုသည် မကွေးတိုင်း၊ ဧရာ၀တီတိုင်း၊ ပဲခူးတိုင်းနှင့် မန္တလေးတိုင်း စသည့် နေရာ ဒေသအနှံပြားကနေ ရောက်ရှိလာသူများ ဖြစ်ပြီး လူတစ်ဦးလျှင် မြန်မာကျပ်ငွေ ၂၅ သိန်းကနေ သိန်း ၃၅ အထိ ပွဲစားခပေးခဲ့ရကြောင်း အလုပ်သမားများက ပြောသည်။

ငွေကြေး လိမ်လည်ခံရတဲ့ နောက်တစ်ဦးဖြစ်သူ ရမည်းသင်းကနေ ရောက်လာတဲ့ မစိမ့်စိမ်းသူ က”သူတို့ လုပ်ပေးမယ် ဆိုတဲ့ MOU စာရွက်စာတမ်းက အခုချိန် အထိ မလုပ်ပေးသေးဘူး။ အခု ဆိုရင် ၇ လကျော် ၈ လလောက်ရှိနေပြီး Name List စာရွက် တစ်ခုတည်းသာ ထုတ်ပေးပြီး ပစ်ထားတယ်” ဟု ရှင်းပြသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ရောက်ရှိနေသည့် မြန်မာ လုပ်သမား ၈၁ ဦးသည်၊ MOU စနစ်နှင့် အလုပ် သွားရောက် လုပ်ကိုင်နိုင်ရန် အတွက် ကြိုတင် သိရှိထားခြင်းမရှိဘဲ ပွဲစားက အဆွယ်ကောင်း၍ ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့က ရှင်းပြသည်။

နောက်ထပ် ပဲခူးတိုင်း မဇင်မာက “အေးဂျင်နဲ့ MOU လုပ်ရမယ် ဆိုတာ အရင်က သိထားတာမျိုး မရှိပါဘူး၊ ပွဲစားက ပြည်တွင်းမှာ လုပ်ရင် အချိန် ကြာတယ်၊ သူတို့ ထိုင်းမှာ လုပ်ပေးရင် တစ်လတောင် မကြာဘူး ၁၅ ရက်နဲ့ ၂၀ ရက် အကြား ရတယ် ဆိုပြီး ပြောလို့ ယုံပြီး ထွက်လာခဲ့တာ ဒီဖက်ရောက်မှာ အချိန်ကြာလာတော့မှ အခုလို လိမ်ခံရမှန်း သိရတယ်”ဟုပြောသည်။

လက်ရှိ ငွေကြေး လိမ်လည်ခံနေရသည့် အဆိုပါ လုပ်သမားများပွဲစားဖြစ်သူ ထိုင်းအမျိုးသမီးက ရေဖြတ်၊ မီးဖြတ်နှင့် အစားသောက်များကိုပါ ဖြတ်ခံထားရ၍ မဲဆောက်မြို့က အလှူရှင်များက ကူညီထောက်ပံ့ပေးနေရကြောင်း အလုပ်သမားများက Western News ကို ပြောသည်။

နစ်နာသူများ က ပိုက်ဆံများ ပြန်ရဖို့နှင့် ထိုင်း ပွဲစားအမျိုးသမီးကို ထိထိရောက်ရောက် အရေးယူပေးဖို့ မဲဆောက်ရှိ အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးသည့် အဖွဲ့ကို အကူညီတောင်းခံထားကြောင်း သိရသည်။

အလုပ်သမား အရေး ကူညီဆောင်ရွက် ပေးသူ မဲဆောက်မြို့က ကိုသားကြီးက “ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရုံးကို လာရောက် ကူညီတောင်းထားလို့ ထိုင်းနိုင်ငံရဲ့ ဥပဒေ အတိုင်း အရေးယူ ဆောင်ရွက်ပေးထားတယ် “ဟု Western News ကို ပြောသည်။

ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ရမည်ဟု ဆိုကာ မြန်မာနိုင်ငံ နေရာ အနှံ့အပြားက မြန်မာနိုင်ငံသား ၃၀၀ ကျော်သည် ကျပ်သိန်း ၇၀၀၀ ကျော် လိမ်လည်ခံရပြီး ထိုင်းနိုင်ငံ မဲဆောက် ချစ်ကြည်ရေး တံတားအနီးတွင် သောင်တင် နေရကြောင်း ကိုသားကြီးထံမှ သိရသည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article