25 C
Yangon

ဝန်းသိုမြို့နယ်ရှိ ကျေးရွာ ၅ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရ

Must read

ဝန်းသိုမြို့နယ်ရှိ ကျေးရွာ ၅ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဒီဇင်ဘာ ၉

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်းရှိ ကျောက်တိုင်ကျေးရွာ၊ အာမခံကျေးရွာ၊ ဇီးဖြူပင်ကျေးရွာ၊ ကြို့ကုန်းကျေးရွာနှင့် မြိုင်ဇေယျာကျေးရွာတို့ကို ၂ ရက်ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ ကြောင်း ဒေသနေပြည်သူ များနှင့် The Guys Of Wuntho အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယမန်နေ့ ဒီဇင်ဘာလ ၈ ညနေ ၃ နာရီခန့်တွင် ဝန်းသိုမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီတပ် ခမရ ၇၀၁ ၊ ပျူစောထီး ပူးပေါင်းအင်အား ၈၀ ခန့်သည် ကျောက်တိုင် ကျေးရွာမှ ပြည်သူ့ နေအိမ် ၄ လုံး၊ ညနေ ၅ နာရီ ကျော်တွင် အာမခံကျေးရွာကို ဝင်ရောက်ခဲ့ပြီး ညအိပ်တပ်စွဲကာ ယနေ့ ဒီဇင်ဘာလ ၉ ရက် နံနက် ၇ နာရီခန့်က စတင်၍ ညနေ ၂ နာရီ မိနစ် ၄၀ အထိ အာမခံကျေးရွာကို မီးရှို့ခဲ့ကြောင်း၊ ထို့နောက် ၂ နာရီ ၅၉ မိနစ်တွင် ငါးရံ့ချောင်းကျေးရွာသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

“ဒီနေ့ ဝန်းသိုမြို့နယ် ဇီးဖြူပင်၊ ကြို့ကုန်း၊ မြိုင်ဇေယျာ၊ အာမခံ၊ ကျောက်တိုင် ရွာတွေမှာ ခွေးတွေက မီးရှို့ဖျက်ဆီးလို့ ပြည်သူတွေ အတိဒုက္ခရောက်နေကြတယ် အနီးအနားကရွာတွေကိုလည်း မွှေနှောက် ရှာဖွေဖျက်ဆီးတာတွေလုပ်ကြတယ်ဗျ၊ ကျောက်တိုင် အာမခံ ဇီးဖြူပင် မြိုင်ဇေယျာ ကြို့ကုန်း မနေ့ က နဲ့ ဒီမနက်မီးလောင်နေပါတယ် တိုက်ပွဲအချိန်မရွေးဖြစ်နိုင်တဲ့အနေအထားပါ၊ PDF အဖွဲ့တွေက တပ်ကို တိုက်မလား။ တပ်ကပဲ PDF အဖွဲ့တွေကို တိုက်မလား၊ ဘာမှန်းမသိရတဲ့ အခြေအနေပါ။ ပြည်သူတွေ တော်တော်များများကတော့ ရှောင်ဖို့လည်းမလွယ် ၊နေဖို့လည်း ခက်တဲ့အခြေအနေပါ” ဟု ဒေသနေ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ ယမန်နေ့ ဒီဇင်ဘာလ ၈ ရက် ညနေ ၃ နာရီခန့်က အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုး လာသော ခမရ ၃၆၉ နှင့် ခမရ ၁၂၀ ပူးပေါင်း စစ်ကြောင်းသည် ဝန်းသိုမြို့နယ်၊ ဇီးဖြူပင်ကျေးရွာ ကို မီးရှို့ပြီး ညနေ ၅ နာရီခန့်တွင် ချယားကုန်းကျေးရွာကို ထပ်မံမီးရှို့ခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဝန်းသိုမြို့နယ်၊ ကျောက်စရစ်ကုန်းကျေးရွာအနီး၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၂ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း The Guys Of Wuntho အဖွဲ့က ထုတ်ပြန်ထားသည်။

Photo – စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးနေသော ကျေးရွာ တစ်ရွာအားတွေ့ရစဥ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article