ကျွန်းလှမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းဖြင့် ၅ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦး ဒဏ်ရာရပြီး ကားနှင့် လမ်းတံတားများ ပျက်စီး
ရန်ကုန်၊ ဒီဇင်ဘာ ၁၂
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်တိုက်လေယာဥ်၊ Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များနှင့် ဗုံးကျဲ တိုက်ခိုက်နေခြင်းကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရပြီး ကားနှင့် လမ်းတံတားများ ပျက်စီးခဲ့ကြောင်း Infinity Group ၏ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် နံနက် အစောပိုင်းမှ စတင်၍ အကြမ်းဖက် စစ်တပ်က ဂျက်တိုက်လေယာဉ် ၃ စီး ၊ Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စီးဖြင့် ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများကို ၅ ကြိမ် လိုက်လံ ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရကာ ရေနံသယ်ယာဉ်အချို့နှင့် လမ်းတံတားများ ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“ရွာစဉ်တစ်လျှောက် လိုက်ပစ်နေတာဗျ။ အခု ညနေ ၄ နာရီကျော်မှာလည်း Mi35 နဲ့ နောက်တစ်ကြိမ်ပစ်နေတာဗျ။ ၅ကြိမ် ရှိနေပြီ” ဟု Infinity Group မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကြမ်းဖက်စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ လေကြောင်း အသုံးပြု၍ လိုက်လံ ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ပြီး နံနက် ၁၂ နာရီ ၃၀ မိနစ်တွင် တပူတောရွာနှင့် လိပ်ဆင်းတောင်ရွာများအနီး ဗုံးသီး ၂ လုံးကျဲချခဲ့ကာ နံနက် ၈ နာရီ ၅၀ မိနစ်တွင် သရက်ပင်ရွာ၊ လိပ်ဆင်းတော်ငရွာနှ၍့် အေးချမ်းသာရွာများအနီး စက်လက်နက်များနှ၍့် ပစ်ခတ်ပြီး ဗုံးသီး ၄ လုံးကျဲချခဲ့ကြောင်း၊ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် အေးချမ်းသာရွာအနီး စက်လက်နက်များဖြ်င့ ပစ်ခတ်ကာ ဗုံးသီး ၂ လုံးထပ်မံ ကျဲချခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ထို့ပြင် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင်လည်း ကန့်ဘလူမြို့ ၆၀၀၆ တင့်ကားတပ်ရင်းမှ တက်လာသည့် Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စီးဖြင့် အေးချမ်းသာရွာ၊ အင်လှရွာနှင့် မြနှစ်ရွာများ အနီးသို့ နာရီဝက်နီးပါးကာ စက်လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကာ ညနေ ၄ နာရီကျော်တွင်လည်း ထပ်မံ၍ ပစ်ခတ်ခဲ့ကြောင်း infinity Group မှ တာဝန်ရှိသူတစ်ဦးမှ ဆက်လက် ပြောကြားသည်။
အကြမ်းဖက် စစ်တပ်က ညနေပိုင်းတွင် Mi 35 ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေကို မသိရှိရသေးကြောင်း Infinity Group ထံမှ သိရှိရသည်။