ဆိတ်ဖြူမြို့နယ်နှင့် ဆောမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲ
ရန်ကုန်၊ ဒီဇင်ဘာ ၁၄
မကွေးတိုင်း၊ ဆိတ်ဖြူမြို့နယ်နှင့် ဆောမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ ချခဲ့ကြောင်း ဂန့်ဂေါခရိုင် အမှတ် ၆ တပ်ရင်း – လောင်းရှည် PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဒီဇင်ဘာလ ၁၃ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က တံတားဦး လေတပ်စခန်းမှ တက်လာ သော ဂျက်ဖိုက်တာ တစ်စီးဖြင့် ပခုက္ကူခရိုင်၊ ဆိတ်ဖြူမြို့နယ်၊ အမှတ် ၁၉ တပ်ရင်း ဘာမထီ တပ်ခွဲ စခန်းအနီးသို့ ၁ ကြိမ်နှင့် ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ အမှတ် ၆ တပ်ရင်း ထိန်းချုပ်နယ်မြေ ကင်းစ စခန်းတစ်ခုဖြစ်သော နဂါးပွတ်တောင် ဘုရားကုန်းမြောက်ဘက်ရင်ပြင်၌ တစ်ကြိမ် အကြမ်းဖက် စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ဆောမြို့နယ် နဂါးပွတ်တောင်စေတီအနီး ၁ လုံးနဲ့ ဆိတ်ဖြူမြို့နယ် စိုက်ခင်းကျေးရွာအနီး ၁ လုံး ကျရောက်ပါတယ်၊ ပြည်သူတွေရော၊ ကျနော်တို့ ရဲဘော်တွေရော ထိခိုက်မှုမရှိပါဘူး” ဟု ဂန့်ဂေါခရိုင် အမှတ် ၆ တပ်ရင်း – လောင်းရှည် PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယင်းတိုက်ခိုက်မှုအတွင်း ပြည်သူများနှင့် PDF တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့သော်လည်း အနီးရှိ အဆောက်အုံသစ်ပင်များ ကျိုးကျပျက်စီးခဲ့ကြောင်း ဂန့်ဂေါခရိုင် အမှတ် ၆ တပ်ရင်း က ထုတ်ပြန် ထားသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က အချိန်မရွေး၊ နေရာမရွေး လေကြာင်းမှ တိုက် ခိုက်မှု ပြုလုပ် လာနိုင် ပြီး ပြည်သူလူထုအနေဖြင့် ဗုံးဒဏ် ခံနိုင်မည့် နေရာများ နှင့် ဘေးလွတ်ရာများကို ကြိုတင်ပြင်ဆင် ထားကြရန်၊ စည်းလုံးညီညွတ်စွာဖြင့် သတိရှိရှိ နေထိုင်သွားကြပါရန် တော်လှန်ရေးတပ်များက ပြည်သူများကို သတိပေးထားသည်။