စစ်တွေမြို့တွင် စစ်တပ်က ပြည်သူ ၅၃ ဦးကို အကြောင်းမဲ့ ဖမ်းဆီး၊ အမ်း၊ စစ်တွေ၊ မြောက်ဦးနှင့် ပေါက်တော မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်
ရန်ကုန်၊ ဒီဇင်ဘာ ၁၄
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၅၃ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း AA သတင်းရင်းမြစ်က ပြောဆိုသည်။
ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် စစ်တွေမြို့ရှိ ကိုးရီးယားဆိပ်ကမ်းအောက်၌ ရပ်နားထားသော စက်လှေ၊ သမ္ဗာန်လှေများမှ ဒေသပြည်သူ စုစုပေါင်း ၅၃ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အဓမ္မ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသွားသော ပြည်သူများသည် စစ်တွေ၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်တို့မှ ပြည်သူများဖြစ်ပြီး လက်ရှိချိန်တွင် စစ်တွေ အမှတ် ၁ ရဲစခန်း၌ ဖမ်းဆီးသွားကြောင်း သိရသည်။
ထို့ပြင် အမ်းမြို့နယ်၊ စစ်တွေမြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် ပေါက်တော မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် စေတီပုထိုး၊ ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်းသိရှိရသည်။
ဒီဇင်ဘာလ ၁၃ ရက်နေ့၊ နံနက် ၁၁ နာရီခန့်တွင် အမ်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ အခြေစိုက်ခတပ်စခန်းတစ်ခုဖြစ်သော ကဇုကိုင်း “တောဟိန်းတောင်တပ်စခန်း” က ပြည်သူများ နေထိုင်ရာ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းကား ပစ်ခတ်ခြင်းကြောင့် အမ်းမြို့နယ်၊ ဒါးလက် ချောင်းအုပ်စု၊ အထက်ရွာဟောင်းကျေးရွာမှ အသက် ၅၄ နှစ်အရွယ် အမျိုးသား ၁ ဦးအား လက်နက်ကြီးစ ထိမှန်ခဲ့ကြောင်း၊ ယင်းနေ့ မွန်းလွဲ ၁ နာရီခန့်တွင် စစ်တွေမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ပါဒလိတ်အခြေစိုက် ၃၄၄ တပ်ရင်းက ပြည်သူလူထုများ နေထိုင်ရာ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အလားတူ ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီ ၂၈ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်က မြောက်ဦးမြို့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး ရှေးဟောင်း သမိုင်းဝင်နယ်မြေအတွင်းရှိ ရတနာ့မာန်အောင်စေတီ၊ ဘုရား သိမ်တော်ကြီးနှင့် ဘုန်းကြီးကျောင်းတို့ ထိမှန်ကာ ပျက်စီးမှု အချို့ရှိကြောင်း သိရှိရသည်။
ဒီဇင်ဘာလ ၁၂ ရက်နေ့၊ ညနေ ၅ နာရီခန့်ကလည်း ပေါက်တောမြို့နယ်၊ ပွဲကြည့်တောင်မြစ်ဝတွင် ရပ်နားထားသော အကြမ်းဖက် စစ်တပ်၏ နေဗီသင်္ဘောမှ လက်နက်ကြီးများဖြင့် ပြည်သူများ နေထိုင်ရာ ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ ရမ်းကားပစ်ခတ်မှုကြောင့် တောင်းဖူးကျေးရွာမှ နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။