28 C
Yangon

ရခိုင်၊ ရှမ်းမြောက်တို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ၊ နမ့်ဆန်ရှိ စစ်တပ် လက်ဖက်ခြောက်စက်ရုံကို TNLA က သိမ်းပိုက်

Must read

ရခိုင်၊ ရှမ်းမြောက်တို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ၊ နမ့်ဆန်ရှိ စစ်တပ် လက်ဖက်ခြောက်စက်ရုံကို TNLA က သိမ်းပိုက်

■ မူဆယ် ၁၀၅ မိုင်သို့ စစ်တပ်က ရဟတ်ယာဉ်ဖြင့် စစ်ကူများ ယနေ့ နံနက်ပိုင်းတွင် ပို့နေပြီး လေကြောင်းပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး နမ့်ဆန်ရှိ စစ်တပ်လက်ဖက်ခြောက်စက်ရုံကို TNLA က သိမ်းပိုက်လိုက်ကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က တရားဝင် သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်၊ စစ်တွေ၊ မြေပုံ၊ မြောက်ဦး၊ အမ်းမြို့နယ်တို့တွင် ဒီဇင်ဘာလ ၁၃ ရက်နေ့ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ၊ စစ်တပ် အရပ်သားများကို ဦးတည် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့၊ နံနက် ၆ နာရီ အချိန်ခန့် စစ်တွေမြို့ရှိ မြို့မဈေးကြီးဆိပ်ကမ်းတွင် ရပ်နား ထားသော ဘုတ်၊ စက်လှေနှင့် သမ္ဗာန်ငယ်များကို စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင် (၆) ဦးခန့်က သေနတ်များ ဖြင့် တမင်တကာ ပစ်ခတ်ခဲ့ကြောင်း ၊ အလားတူ ဒီဇင်ဘာလ ၁၃ ရက်နေ့၊ နံနက် ၁၀ နာရီ ၃၀ မိနစ် အချိန်ခန့် ရက္ခိုင်ပြည်၊ မြေပုံမြို့နယ်၊ စညှင်းဝအနီးတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၃ ရက်နေ့၊ မွန်းလွဲ ၃ နာရီ အချိန် ရက္ခိုင်ပြည်၊ မြောက်ဦးမြို့၏ မြို့ပြင်တစ်နေရာ၌ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ မိနစ်အနည်းငယ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်က မြောက်ဦးမြို့၊ မင်္ဂလမာရ်အောင်အထက်ဘက်တောင်ကြောတစ်လျှောက်၊ သက္ကျမာရ်အောင်ဘုရားအနီး ပတ်ဝန်းကျင်များနှင့် မင်းပြားမြို့နယ်၊ ပန်းမြောင်း‌ကျေးရွာအနီးရှိ ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များရှိရာ တောင်တန်းတလျှောက် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ဒီဇင်ဘာလ ၁၂ ရက်နေ့၊ ည ၇ နာရီ အချိန် ရက္ခိုင်ပြည်၊ အမ်းမြို့နယ်၊ ကဇုကိုင်းတံတား အနီးတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်၊ နမ့်ခမ်း၊ လားရှိုး၊ ကျောက်မဲ ၊ ကွတ်ခိုင်၊ မန်တုံမြို့နယ်၊ နမ့်ဆန်နှင့်ကိုးကန့်တို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိပြီး နမ့်ဆန်ရှိ စစ်ကောင်စီတပ်၏ လက်ဖက်ခြောက်စက်ရုံကို TNLA က သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့၊ ညနေ ၅ နာရီ ၄၀ မိနစ်အချိန် တအာင်းတပ်မ‌တော် (TNLA) က နမ့်ဆန်မြို့နယ်ရှိ စစ်ကောင်စီ၏ “လက်ဖက်ခြောက် စက်ရုံတပ်စခန်း” ကို အပြီးသတ်ချေမှုန်းသိမ်းပိုက်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်နေစဉ် စစ်ကောင်စီ၏ Y12 လေယာဉ်သည် လက်နက်ကြီးဖြင့် (၁၁) ကြိမ် လာရောက်ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ဒီဇင်ဘာလ ၁၃ ရက်နေ့၊ နံနက် ၁၀ နာရီ ၃၀ မိနစ် အချိန် မူဆယ်မြို့နယ်၊ အထက်တုန်ခန်‌ကျေးရွာနှင့် နမ့်ခုမ်ကျေးရွာကြား ညီနောင် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်နေစဉ် စစ်ကောင်စီ၏ ဂျက်ဖိုက်တာသည် အထက်တုန်ခန်ကျေးရွာဘက်သို့ ၂ ကြိမ် လာရောက်ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း ၊ ဒီဇင်ဘာလ ၁၃ ရက်နေ့၊ မွန်းလွဲ ၂ နာရီ ၃၅ မိနစ် အချိန် ကွတ်ခိုင်မြို့နယ်အခြေစိုက် စစ်ကောင်စီ၏ “ကွတ်ခိုင်စခန်း” ကိုလညးကောင်း၊ မွန်းလွဲ ၃ နာရီ ၂၅ မိနစ်အချိန် မန်တုံမြို့နယ် အခြေစိုက် စစ်ကောင်စီလက်အောက်ခံ “ခလရ (၁၃၀) တပ်စခန်း” တို့အား အသီးသီးထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့၊ မွန်းလွဲ ၃ နာရီ ၃၀ မိနစ် အချိန်ခန့်နမ့်ခမ်းမြို့နယ်၊ ကွန်လုံကျေးရွာနှင့် လွယ်မန်လုံကျေးရွာအကြားတွင် တအာင်းတပ်မ‌တော် (TNLA) နှင့် စစ်ကောင်စီတပ်တို့ ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၃ ရက်နေ့၌ ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီ၏ “နမ့်ဖတ်ကာစခန်း” ကို တအာင်း တပ်မ‌တော် (TNLA) သည် တစ်ရက်မျှရပ်နားခြင်းမရှိဘဲ စစ်ဆင်ရေး (၄၈) ရက်နေ့တွင်လည်း ထပ်မံထိုးစစ်ဆင်တိုက်ခိုက် ခဲ့ကြောင်း၊ မူဆယ်မြို့နယ်၊ ကောင်းရာကျေးရွာဘက်သို့ စစ်ကောင်စီ၏ Y12 လေယာဉ်သည် ၂ ကြိမ်တိုင်တိုင် လာရောက်ကာ ဗုံး ၆ လုံးဖြင့် ယမန်နေ့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် ကျောက်မဲမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်စခန်းက အေရှားဝေါဂိတ်သို့ လက်နက်ကြီးဖြင့် ၉ ကြိမ်၊ ဟိုစွန်ကျေးရွာ ဘက်သို့ လက်နက်ကြီးဖြင့် ၇ ကြိမ်၊ လားရှိုးမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ “၆၈ ဂိတ်တပ်စခန်း” မှ အီနိုင်းကျေးရွာ ဘက်သို့ လက်နက်ကြီးဖြင့် ၈ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ကိုးကန့်တပ်မတော် (MNDAA) ၏ စစ်ဆင်ရေးလှုပ်ရှားရာနယ်မြေများဖြစ်သော ကိုးကန့်ဒေသအတွင်း သိမ်းပိုက်ရရှိပြီးသော စစ်စခန်းများမှ ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အသာတကြည် လက်နက်ချအညံ့မခံဘဲ ပြန်လည်ခုခံနေကြသည့်အတွက် MNDAA က လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရှိရသည်။

ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ဒီမနက် မူဆယ် ၁၀၅ မိုင်သို့ စစ်ကောင်စီတပ်က ရဟတ်ယာဉ်များဖြင့် စစ်ကူများ ပေးပို့နေပြီး တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့်လည်း ပစ်ခတ်မှုများ တောက်လျှောက်ဆိုသလို လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ ထောက်ပို့ရဟတ်ယာဉ်တစ်စီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article