ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ကို စက်သုံးဆီ ဦးစားပေး ရောင်းချ ထုတ်ပေးနေ၍ နယ်ဒေသများတွင် စက်သုံးဆီ မရတော့ဘဲ စတင် ပြတ်တောက်၊ နယ်မြို့ကြီးများတွင် စက်သုံးဆီဆိုင်များ ပိတ်ထားရ
ရန်ကုန်၊ ဒီဇင်ဘာ ၁၄
အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ကို စက်သုံးဆီများ ဦးစားပေး ရောင်းချထုတ်ပေးနေ၍ နယ်ဒေသများတွင် စက်သုံးဆီ မရတော့ဘဲ ယမန်နေ့ညပိုင်းမှစတင်၍ ဆီများ စတင်ပြတ်တောက်နေကြောင်း ဆီလုပ်ငန်းရှင်များထံမှ သိရှိရသည်။
ဒီဇင်ဘာလ ၅ ရက်နေ့မှစတင်၍ ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပါအဝင် တစ်နိုင်ငံလုံးရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် ဆိုင်ကယ်နှင့်ကားများ ကြိတ်ကြိတ်တိုး တန်းစီ၍ ဆီများ အလုအယက်ဝယ်ခဲ့ရကြောင်း၊ ယင်းအခြေအနေကို စစ်ကောင်စီ နေပြည်တော်၊ မန္တလေးနှင့် ရန်ကုန်တွင် စက်သုံးဆီ တန်းစီမှုများမရှိစေရေး ဦးစားပေး ဆီထုတ် ရောင်းချရန် ညွှန်ကြားခဲ့သဖြင့် နယ်ဒေသမှများ ဆီဝယ်ယူကြမည့် ဆီဘောက်ဆာကားများမှာ စက်သုံးဆီ ဦးစားပေးအဆင့်ဖြင့် မရရှိတော့ဘဲ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် ဆီခွဲတမ်းများ ထုတ်ယူပြီးမှသာ ရရှိကြောင်း၊ ထို့ကြောင့် အချိန်ကြာမြင့်ပြီး နယ်ဒေသများအားလုံး စက်သုံးဆီများ စတင်ပြတ်တောက်နေကြောင်း သိရှိရသည်။
“အခုက အရေးကြီးတဲ့ မြို့ ၃ ခုကို ဦးစားပေး ဆီခွဲတမ်း ထုတ်ပေးတယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ပေါ့။ ဆီတိုးတာတွေ မမြင်ချင်လို့ဆိုပြီး။ အခု နယ်တွေအားလုံးက ဆီခွဲတမ်းကို အရမ်းနောက်ကျမှ ရတဲ့အပြင် ဆီခွဲတမ်းကို ပြည့်ပြည့်၀၀ မရဘူး။ မနေ့ညက စပြီး နယ်တွေအားလုံးမှာ ဆီဆိုင်တွေ စပိတ်ပြီ။ ဆီတွေ ပြတ်နေပြီ။ အခုက ဆီတွေကို လုံလုံလောက်လောက်ပေးတာမဟုတ်ဘူး။ တစ်နိုင်ငံလုံးအတွက် ဆီတွေကို ရန်ကုန်၊ မန္တလေးနဲ့နေပြည်တော်ကို လူတန်းစီတာတွေမဖြစ်အောင် ဦးစားပေး ထုတ်ပေးတာ။ နယ်တွေကို ဆီဖြတ်လိုက်တာ။ သူတို့သွင်းတာကိုက လုံလုံလောက်လောက် မသွင်းနိုင်ဘူးဖြစ်နေတယ်” ဟု နယ်ဒေသမှ စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။
ဧရာ၀တီတိုင်း ငါးသိုင်းချောင်းမြို့မှ ပြည်သူတစ်ဦးက “စက်သုံးဆီပြတ်တောက်နေပြီ။ စက်သုံးဆီဆိုင်တွေအကုန်ပိတ်ထားတယ်။ ဘယ်မှာမှဝယ်လို့မရဘူး။ မနေ့ည ၊ ဒီနေ့ မနက်က စပြီးပြတ်တာပါ။ သီလဝါသွားပြီးဆီထုတ်နေရလို့ မနက်ဖြန်တောင် ရချင်မှ ရမယ်လို့ ပြောတယ်” ဟု ပြောဆိုသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာန၏ စုံစမ်းချက်အရ စက်သုံးဆီ ခွဲတမ်း ပြည့်ပြည့်၀၀ မရှိ၍ ယခု ဆီပြတ်လပ်မှု ကြုံတွေ့ခြင်း(သို့မဟုတ်) မကြာမီ ဆီပြတ်လပ်မည့် မြို့ကြီးများတွင် ပဲခူး၊ တောင်ငူ၊ မကွေးမြို့၊ စစ်ကိုင်းမြို့၊ တနင်္သာရီ၊ စစ်တွေ၊ ပုသိမ်၊ တောင်ကြီး အပါအဝင် နယ်မြို့ကြီးများအားလုံး ပါဝင်နေကြောင်း၊ ရန်ကုန်၊ မန္တလေးနှင့်နေပြည်တော်မှ လွဲ၍ နယ်မြို့များအားလုံး မကြာမီ ဆီပြတ်လပ်မည့် အခြေအနေ ကြုံနေရခြင်းဖြစ်ကြောင်း သိရှိရသည်။
“နယ်ဆိုင်တွေက ထုတ်ရန်ကျန်တွေ အများကြီး။ ဘာလို့ကျန်ခဲ့သလည်းဆိုတော့ PO ခွဲနေတဲ့ နေရာက DIO တွေ DCIO ၊ CIO ဦးစီးတဲ့ အစိုးရဝန်ထမ်းတွေလိုကိုယ်တိုင်က ဆီထုတ်ကားတွေကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေး ဦးစားပေးဆိုတဲ့အမိန့်တွေ ပေးလိုက်လို့ဘဲဗျ။ Terminal တွေက နယ်ကားမှန်သမျှ ဖယ်ထုတ်ပစ်လိုက်တယ်။ ဘယ်လိုမျိုး နယ်ဆိုင်ကမှ အထက်ပါ PO တွေကို အချိန်မမှီလိုက်ကြပါဘူး။ အကုန် Cancel လုပ်ခံကြရတယ်။ သိပ်နစ်နာတယ်ဗျ။ ပုံမှန် PO တွေခွဲတယ် မြို့ကြီး ၃ ခုဘဲ ဦးစားပေးတော့ နယ်ဆိုင်တွေက ခွဲတမ်းတွေကို ဖြတ်ခံရတယ်။ အခု PO(100) အထိ ဖြတ်ခံလိုက်ရတယ်။ Urgent PO ချပေးတယ် မြို့ကြီး ၃ မြိုဘဲ ဦးစားပေးတယ်။ နယ်ဆိုင်တွေ အကုန် ဘေးဖယ်ထားခံတယ်။ တစ်ချို့ DIO တွေဆို မရိုးသားတဲ့အမိန့်တွေနဲ့ လျောက်ပြောတယ်။ ဘာတဲ့ Urgent PO ကို မိတ်ဖက်ကနေ တင်ရမယ်တဲ့ လုပ်ပေါက်က။ တစ်ချို့ဆိုင်လေးတွေဆို ဘာမှကို မသိကြရှာဘူးရယ် တစ်ခါ ဆီထုတ်တဲ့နေရာမှာ မြို့ကြီး ၃ မြို့ကို ဦးစားပေးဆိုတော့ ကျန်တဲ့ မြို့ကကားတွေ ဘေးရောက်သွားတယ်။ Terminal တွေက သိပ်ကြိုက်တဲ့ အမိန့်တွေကို ပေးတတ်တယ်နော် လူကြီးမင်းတွေက။ နောက်တစ်ခု ၁၀ ရက်နေ့ မထုတ်နိုင်ရင် PO တွေအကုန် Cancel ပေးလိုက်တယ်။ နယ်ဆိုင်တွေ အကုန်နီးပါး Cancel ထဲ ပါကုန်တယ်။ တစ်ချို့ဆို Terminal ထဲရောက်ကာမှ ဘေးဖယ်ခံလိုက်ရတယ်။ အကြိမ်ကြိမ်ကို ဘေးဖယ်ခံကြရတယ်။ ) အဆိုးဆုံးတစ်ချက်က တစ်ချို့ Terminal တွေ။ နယ်ဆိုင်တွေခင်ဗျာ PO တွေ Cancel ဖြစ်ခံရတဲ့ အထဲမှာ ၁၀ ရက်နေ့ ထုတ်သွားတဲ့ ဆီတွေကို PO(100) ထဲက ခုနှိမ်မယ်တဲ့ဗျ။ နူရာ ဝဲစွဲခံရတာဘဲ။ ကျုပ်တို့ နယ်မြို့တွေက ဘာတွေများ အမှားရှိလို့ အဲလို လုပ်ခံနေရတာလည်း။ တစ်ကြိမ်တစ်ခါ နစ်နာတာက လက်ခံပေးလို့ရတယ်။ နေရာတိုင်း နစ်နာနေကြရတာတော့ တာဝန်ရှိသူတွေ လွန်တယ်လို့ မထင်ကြဘူးလား။ အခု ရန်ကုန်က ဆိုင်တွေက တန်းမစီရတော့ဘူး၊ အဆင်ပြေလာပြီလို့ ကြားတယ်၊ ဝမ်းသာပါတယ်။ ဒါပေမဲ့ ကျုပ်တို့ နယ်မြို့တွေ ဆီထုတ်ကားတွေ ၄ ရက် ၅ ရက်တွေ ရှိနေပြီ၊ ခုထိ မရကြသေးဘူး။ စော်ကားခံနေသလို ခံစားကြရတယ်ဗျ။ ခင်ဗျားတို့လို ခွဲခြားခွဲခြား စိတ်ဓါတ်မျိုးတွေကြောင့် နိုင်ငံသားချင်း တူတူ အကုန်သွေးကွဲကုန်ကြတာ ဖြစ်မယ်ဗျ။ တိုင်းပြည်က သွေးကွဲကုန်တာဟာ ဒီလိုမျိုး လွန်ကျူးတဲ့ အမိန့်ပေးသူတွေ ပေါ်လာလို့”ဟု နယ်ဒေသမှ စက်သုံးဆီရောင်းချသူတစ်ဦးက ၎င်းကြုံတွေ့နေရသည့် အခြေအနေကို ထုတ်ဖော်ပြောဆိုသည်။
မြန်မာနိုင်ငံစက်သုံးဆီဖြန့်ဖြူးရောင်းချသူများအသင်းမှ ဆီသမားတစ်ဦးကမူ လက်ရှိ အခြေအနေအရ ဆီတန်းစီမှု ပြဿနာ ပြေလည်စေရန် လက်ပူတိုက် ဖြေရှင်းနေရသော်လည်း တစ်နိုင်ငံလုံးအတွက် လုံလောက်စွာ တင်သွင်းနိုင်ခြင်းမရှိသေး၍ မကြာမီ စက်သုံးဆီပြဿနာ ပြန်လည် တက်လာမည်ဖြစ်ကြောင်း သုံးသပ် ပြောဆိုသည်။
“ရန်ကုန်၊ မန္တလေး နေပြည်တော် ငြိမ်ရင်ပြီးရောဆိုပြီး အခုက လုပ်ထားတာ။ တကယ်က လုံလောက်တဲ့ စက်သုံးဆီပမာဏ တစ်နိုင်ငံလုံးအတွက် မသွင်းနိုင်ဘူး။ နယ်တွေက အခု ညံနေပြီ။ အဲဒါက ရန်ကုန်၊ မန္တလေး နေပြည်တော်ဘက်ကို တစ်ပတ်ပြန်လည်လာဦးမှာပဲ” ဟု ၎င်းက ဆိုသည်။