27 C
Yangon

မြောက်ဦးမြို့နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၇ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိ

Must read

မြောက်ဦးမြို့နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၇ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကိုးသောင်းဘုရားသို့သွားသည့် လမ်းပေါ်တွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၇ ဦးထက်မနည်းသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း တပ်တွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ယမန်နေ့ ဒီဇင်ဘာ ၁၃ ရက် ညနေ ၄ နာရီဝန်းကျင်ခန့်က မြောက်ဦးမြို့ ကိုးသောင်းဘုရား ဘက်သို့ သွားရာလမ်း ဒေသအခေါ် (အစိမ်းသေအင်း) အနီးတွင် ခမရ ၅၄၀ တပ်ဘက်မှ တက်လာသည့် အ ကြမ်းဖက်စစ်သား များနှင့် ရက္ခိုင့်တပ်တော် ကြား တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၇ ဦးထက် မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ အ ထိနာသော အကြမ်းဖက်စစ်တပ်က တိုက် ပွဲဧရိယာတဝိုက်၊ မြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ဒေသတို့ကို လေကြောင်းမှ ပစ် ခတ် တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

“နေရာက သကျမာန်အောင်ဘုရားနဲ့ပိုနီးတယ်။ ကိုးသောင်းဖက်က ရဲတပ်ရင်းဖက်ပေါ့နော်။ အဲ့နား ကနေ စစ်ကောင်စီတပ်သား တွေကဖြတ်လာတယ်။ အဲ့မှာ ရက္ခိုင့်တပ်တော်ဖက်က စောင့်ပြီးပစ် တာ။ သေဆုံးတာတွေရှိတယ်။ အရေအတွက်အနေနဲ့တော့ ၇ ယောက်လောက်ရှိမယ်” ဟု သတင်းရင်းမြစ်က ပြောကြားသည်။

တိုက်ခိုက်ခံရသည့် အကြမ်းဖက်စစ်သားများမှာ ဒီဇင်ဘာလ ၁၂ ရက်နေ့က မင်းပြားမြို့နယ်၊ ပန်း မြောင်းရှိ‌ အောင်မင်္ဂလာတောင်နှင့် တောင်ဖြူတောင်မှ လေးမြို့မြစ်ကို ညဉ့်အချိန်ဖြတ်သန်းကာ မြောက်ဦးမြို့နယ်၊ ပုရိန်ကုန်းကျေးရွာမှတဆင့် မြောက်ဦးရှိ ခမရ ၅၄၀ တပ်ရင်းသို့ ဝင်ရောက်သည့် တပ်သားများဖြစ်ကြောင်း၊ တပ်ရင်းမှ လက်မခံသဖြင့် ကိုးသောင်းပုထိုးဖက်ရှိ ရဲတပ်ရင်းသို့ ခြေလျင် ထွက်လာစဉ် တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်‌ကောင်စီ လေတပ်မှ လေယာဉ်ရောက်ရှိလာကာ တိုက်ပွဲဧရိယာတစ်ဝိုက်၊ မြောက်ဦးမြို့ပေါ်၊ ဘုရားအုပ်ကျေးရွာ၊ ရွာဟောင်းတော၊ ပီပင်ကုန်း၊ မောင်သာကုန်း စသည့်ကျေးရွာ များသို့ လေယာဉ်ဖြင့်လာရောက်ပစ် ခတ်ခဲ့ပြီး လူထိခိုက်မှုမရှိခဲ့သော်လည်း စေတီပုထိုးနှင့် နေအိမ် အချို့ ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။

“တိုက်ပွဲပြီးတော့ လေယာဉ်လာတယ်။ အနီးပတ်ဝန်းကျင်တွေအကုန်ပစ်ခတ်ခဲ့တယ်။ လူတွေမထိ ခိုက် ပေမယ့် နေအိမ်အ ချို့မှာ ထိမှန်တာရှိတယ်။ ရတနာ့မာန်အောင်မှာဆို ကျောင်းပရဝုဏ်အတွင်း မှာ ကျတယ်။ စေတီမှာ ကျဉ်ထိမှန်တာတွေ သီတင်းသုံးဆောင်တွေမှာ ထိမှန်တာတွေရှိခဲ့တယ်” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

အကြမ်းဖက် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် လာရောက်ပစ်ခတ်မှုကြောင့် မြောက်ဦးနေပြည်သူ များမှာ စိုးရိမ်ထိန့်လန့်ခဲ့ကြပြီး ယနေ့ ယနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့တွင် မြို့ရှိ စျေးဆိုင်ခန်းများအများ အပြား ပိတ်သိမ်းထားကြောင်း သိရသည်။

“တိုက်ပွဲဖြစ်တော့ လေယာဉ်က လာတယ်။ တစ်လျှောက်ပစ်တယ်။ စစ်တပ်က လမ်းတွေကိုလည်း ပိတ်တယ်။ အလောင်းတွေကို တပ်ရင်းကို သယ်တာတွေ့တယ်။ တိုက်ပွဲမှာ ကျတာတွေတော့ နောက် ပိုင်းသိရတယ်။ ဒဏ်ရာရတဲ့သူတွေကိုတော့ စစ်တွေ တပ်ဆေးရုံးကို ပို့ဆောင်တာကို နောက်ပိုင်း သိရ တယ်” ဟု တပ်အတွင်း နေထိုင်သူ တစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၆ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်၊ ငွေတောင်ပေါက်တံတားဖက်သို့ လာ ရောက် သည့် စစ်ကောင်စီတပ်သား ၅၀ ကျော်ခန့်ကို ရက္ခိုင့်တပ်တော်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ် ရာ ရရှိမှုရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်မှ ထုတ်ပြန်ထားသည်။

ထို့ပြင် ချင်းပြည်နယ်ဘက်တွင်လည်း ရက္ခိုင်တပ်တော်ဖက်မှ စစ်ကောင်စီ၏ တရွန်အိုင်နှင့် နှူးဗူး ဗျူးဟာကုန်း ၂ ခုကို ရက္ခိုင့်တပ်တော်ဖက်မှ သိမ်းပိုက်ထားပြီးဖြစ်ကာ လက်ရှိတွင် ချင်းပြည်နယ်၊ လက်ဝရှိ စစ်ကောင်စီတပ်စခန်းကို ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရ သည်။

(Western News-WN သည် ရန်ကုန်ခေတ်သစ်သတင်းဌာန၏ မိတ်ဖက်ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article