ရေဦးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ မြိုင်မြို့ပြင်၌ ကင်းပုန်းဝပ်နေသော စစ်သားများကို တိုက်ခိုက်မှု ၅ ဦးသေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၁၅
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၁၄ ရေဦး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဒီဇင်ဘာလ ၁၅ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က အင်အား ၈၀ ခန့်ဖြင့် ရေဦးမြို့မှ ထွက်လာသော အကြမ်းဖက် စစ်ကြောင်းကို ရေဦးမြို့နှင့်မုတ်စီကျေးရွာကြား လမ်းကြောင်းတလျှောက် ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားများ ထိခိုက် သေဆုံးမှုရှိနိုင်ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။
“စစ်ကြောင်းဖြစ်တဲ့အတွက် ထိခိုက်သေဆုံးမှုက မသိရသေးဘူး၊ စစ်ကြောင်းဖြစ်တဲ့အတွက် အဲဒီ အနီးအနားလမ်းကြောတကြောလုံးကို တပ်ဖြန့်ထားတဲ့အတွက် အနားကပ်လို့မရဘူး၊ အဲဒီအတွက် သတင်းထောက်လို့မရဘူး၊ မဟာမိတ်တပ်ရင်းတွေနဲ့ပေါင်းပြီး ဆက်တိုက်ချနေတာ၊ အလုံးအရေ အတွက်က ၂၀ ကျော်လောက်ရှိမယ်၊ ထိခိုက်သေဆုံးမှုကတော့ရှိနိုင်ပါတယ်၊ အခုထိ မုတ်ဆီနဲ့ မူးဆုံ ကြားမှာ ဖြန့်ထားသေးတယ်၊” ဟု ရွှေဘိုခရိုင် တပ်ရင်း ၁၄ ရေဦး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း (ရေဦး PDF) နှင့် မဟာမိတ် တပ်ရင်းများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ခဲ့ကြောင်း၊ ယင်းအကြမ်းဖက်စစ်ကြောင်းသည် နံနက်အစော ပိုင်းကတည်းက နင်းမိုင်း၊ တိုက်မိုင်း၊ ဆွဲမိုင်းများမိကာ အထိအခိုက်များနေကြောင်း ရွှေဘိုခရိုင် အမှတ် (၁၄) တပ်ရင်း YE-U People’s Defence Force က ထုတ်ပြန်ထားသည်။
ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့ပြင်၌ ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို တိုက်ခိုက် ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ယနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် မြိုင်မြို့ အစွန်ရှိ စပျစ်ခြံအတွင်း၌ အကြမ်းဖက်စစ်သား ၇ ဦး ကင်းပုန်းဝပ်နေကြောင်း သတင်းအရ သွားရောက်တိုက်ခိုက်ခဲ့ရာ ၁၃ မိနစ်ခန့်အကြာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးကာ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း၊ မြိုင်မြို့တွင်းမှ တပ်ကူများရောက်ရှိလာသဖြင့် သေဆုံးသွားသော စစ်ကောင်စီတပ်သား အသုံးပြုသည့် လက်နက်များကို သိမ်းဆည်းနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ တပ်၏ တပ်ခွဲဖြစ်သော ဗိုလ်လင်းမြွေအဖွဲ့က ဦးဆောင်ပြီး အနောက်ပိုင်းဇုံ ပကဖ တို့ ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

