ပခုက္ကူမြို့နယ်တွင် စစ်ကြောင်းကို ၂ ရက်ဆက် မိုင်းဆွဲပြီး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး၊ ဘီးလင်းမြို့နယ်တွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၁၅
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက် မိုင်းဆွဲပြီး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံးခဲ့ကြောင်း ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ ၂ – ThuRain-TR (Pakokku) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။
ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ပခုက္ကူမြို့ တပ်မ ၁၀၁ မှ ကမ္မဘက်သို့ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း၊ ယင်း စစ်သားအလောင်းများကို ချန်ထားခဲ့ပြီး ဆက်လက်စစ်ကြောင်းထိုးလာစဉ် ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်သား ၂ ဦးထပ်မံသေဆုံးခဲ့ကြောင်းသိရသည်။
ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ညောင်ဂျစ်ပင် ပျူစောထီးရွာမှ လှည်းဖြင့် သေဆုံးသွားသော စစ်ကောင်စီ တပ်သား အလောင်းများကို စစ်သား အင်အား ၄၀ ခန့်ဖြင့် သယ်ယူစဥ် ဒရုန်းဖြင့် အီနာဂါ ဗုံးသီး ၅ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး ထိခိုက် သေဆုံးမှုများ ရှိနိုင်ကြောင်း၊ ထို့ပြင် တွင်းမရွာတွင်လည်း ယင်း စစ်ကြောင်းကို ဒရုန်းဖြင့် အီနာဂါဗုံးသီးများ တစ်နေကုန် ကျဲချ တိုက်ခိုက်ခဲ့ပြီး ထိခိုက်ကျဆုံးမှုများစွာ ရှိနိုင်ကြောင်း သိရှိရသည်။
“စစ်ကြောင်းက နှစ်ကြောင်းဖြစ်သွားတာပေါ့၊ ပထမ စစ်ကြောင်းကို မိုင်းဆွဲတာ စစ်ခွေး ၂ ကောင် သေတယ်၊ အဲဒီသေတဲ့ နှစ်ကောင်ကို လမ်းပေါ်မှာထားခဲ့ပြီးတော့ စစ်ကြောင်းက ဆက်သွားတာ၊ အဲဒီမှာ ဒရုန်းနဲ့ ဗုံးထပ်ကျဲတော့ ၂ ဦးထပ်သေတယ်၊ အဲဒီသေတဲ့ ၄ ဦးအလောင်းကို ပြည်သူပိုင်နွား လှည်းတွေချောဆွဲပြီး ပျူရွာတွေဘက်သယ်တာ၊ အဲဒီပျူရွာတွေဘက်သယ်တဲ့ စစ်ကြောင်းကို ဒရုန်း နဲ့ ဗုံးထပ်ကျဲတာ၊အဲဒီမှာလည်း ထိခိုက်မှုကတော့ ရှိနိုင်တယ်၊” ဟု ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ ၂ – ThuRain-TR (Pakokku) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြား သည်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း ၁ ၊ MRTF (မြိုင်)၊The Red Revolters ၊ PPDF (Pakokku)၊ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ (၂) မှ ThuRain-TR(Pakokku)၊ Black Cobra Force (Pakokkku)နှင့် Young Force-UG တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ တောင်သူဌေးကုန်းကျေးရွာအနီး၌ တိုက်ပွဲ ဖြစ်ပွားပြီး စစ် ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ကြောင်း တပင်ရွှေထီး စစ်ကြောင်းထံမှ သိရသည်။
ယနေ့ ဒီဇင်ဘာလ ၁၅ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်က ဘီးလင်းမြို့နယ်၊ တပ်မ ၄၄ လက် အောက်ခံ ခမရ ၃ တပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော်သည် ဒညင်းကုန်းရွာဘက်မှ ချောင်းကို ဖြတ်ကူးလာပြီး တောင်သူဌေးကုန်းရွာအနီးအရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး သေ ဆုံးပြီး ၆ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို တပင်ရွှေထီးစစ်ကြောင်း KNLA ၊ PDF တပ်ခွဲ ၂ နှင့် Sniper Team အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။