နမ့်ဆန်မြို့ အုပ်ချုပ်ရေးယန္တရား ပြိုပျက်သွားပြီး စစ်အရာရှိကြီးများ၊ ရဲအရာရှိကြီးများ အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေ
ရန်ကုန်၊ ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့တွင် အုပ်ချုပ်ရေးယန္တရားများ ပြိုပျက်သွားပြီး လက်ရှိတွင် စစ်အရာရှိကြီးများ၊ ရဲအရာရှိကြီးများနှင့်စစ်ကြောင်းတချို့ပါ အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေကြောင်း နေပြည်တော်၊ ကာကွယ်ရေးဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောဆိုသည်။
ဒီဇင်ဘာလ ၈ ရက်နေ့မှစတင်၍ နမ့်ဆန်မြို့နယ်အတွင်းတွင် ထိတွေ့ ပစ်ခတ်မှုများ စတင်ခဲ့ကြောင်း၊ ယင်းနောက် ဒီဇင်ဘာလ ၉ ရက်နေ့မှစတင်၍ နေ့စဉ် တိုက်ပွဲများဖြစ်ပွားကာ ဒီဇင်ဘာလ ၁၀ ရက်နေ့ နမ့်ဆန်မြို့နယ်၊ နမ့်ခေးကျေးရွာရှိ စစ်တပ်၏ ကဒိုင်းဖူးတောင်တပ်စခန်း၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ လွယ်ဆိုင်တပ်စခန်းနှင့် နမ့်ဆန်မြို့မရဲစခန်း၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ကွန်မန်ဒိုကုန်း စသည်ဖြင့် သာလွန်အင်အားဖြင့် တိုက်ခိုက်ခံရသဖြင့် ဆုတ်ခွာခဲ့ရကြောင်း၊ စစ်ကူစစ်ကြောင်းတချို့ကို ရဟတ်ယာဉ်ဖြင့် ချထားပေးခဲ့ပြီး ဒီဇင်ဘာလ ၁၃ ရက်နေ့မှစတင်၍ နမ့်ဆန်မြို့၏ အဓိက စစ်တပ်စခန်းဖြစ်သော ဗျူဟာကုန်း စခန်း အပြင်းအထန်တိုက်ခိုက်ခံရကြောင်း၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းတွင် နမ့်ဆန် ဗျူဟာကုန်းစစ်စခန်းနှင့်ပါ အဆက်အသွယ်များ ပြတ်တောက်သွားကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်သို့ တက်လာသော အစီရင်ခံစာ ကိုးကား၍ သတင်းရင်းမြစ်က ရှင်းပြသည်။
လက်ရှိတွင် နမ့်ဆန်မြို့မှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် ရဲ တပ်ဖွဲ့မှူး ဒုတိယရဲမှူး ထွန်းစိုးသိန်း၊ ရဲမှူး နေဝင်းထွန်း၊ နမ့်ဆန်မြို့စောင့်တပ် ခလရ ၂၅၄ မှ ဗိုလ်မှူး/ဗိုလ်ကြီး ကျော်သူထွေး၊ နမ့်ဆန်ဗျူဟာမှူး ၊ ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးများ အဆက်အသွယ် မရဘဲ ဆက်သွယ်ရေး ပြတ်တောက်နေကြောင်း၊ စစ်အရာရှိ၊ ရဲအရာရှိနှင့် စစ်သည်၊ ရဲတပ်ဖွဲ့ဝင်များအားလုံးပါ ဆက်သွယ်၍ မရတော့ကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။
“အဆက်သွယ်မရဘူးဆိုတာ သေသလား၊ ရှင်သလား ပြောလို့မရတဲ့ အခြေအနေကိုပဲ ပြောတာပါ။ ဆက်သွယ်လို့မရတော့ဘူး ဆိုတာမှာ အဖမ်းခံရတာလည်းဖြစ်နိုင်တယ်။နမ့်ဆန်မြို့ရဲ့ တပ်စခန်းတွေနဲ့ ရဲစခန်းတွေ အားလုံးမှာ အင်အား ၄၀၀ ကျော်ဖြန့်ကျက်ထားတာမှာ ဦးဆောင်သူတွေနဲ့ အဆက်အသွယ်ပြတ်တောက်မှု အခြေအနေပါ” ဟု ကာကွယ်ရေးသတင်းရင်းမြစ်က ဆိုသည်။
လက်ရှိတွင် နမ့်ဆန်မြို့သို့ စစ်ကောင်စီက စစ်ကူများ ထပ်မံပေးပို့ရန် စီစဉ်နေပြီး လေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူများလည်း တောက် လျှောက်လုပ်ဆောင်နေကြောင်း၊ လျှို့ဝှက် ကြေးနန်း အစီရင်ခံစာတွင် နမ့်ဆန်မြို့သိမ်းခံရပြီ အစီရင်ခံထားခြင်းမရှိဘဲ အုပ်ချုပ်ရေးဆိုင်ရာနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ယာယီ ရွှေ့ပြောင်းမှုများရှိသည်ဟု ဖော်ထားကြောင်း သိရှိရသည်။
ဓာတ်ပုံ- ဒီဇင်ဘာလ ၁၁ ရက်နေ့ TNLA စစ်ဦးစီးချုပ်က နမ့်ဆန်မြို့ ကဒိုင်းဖူးထောင်စစ်တပ်စခန်း သိမ်းပိုက်ပြီးနောက် နမ့်ဆန်မြို့ကို စစ်ဆေးပြီး စစ်သုံ့ပန်းများကို စကားပြောနေစဉ်။
