မူဆယ် ၁၀၅ မိုင် ဗျူဟာကုန်းကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က အပြီးသတ် သိမ်းပိုက်ရရှိ၊ တင့်ကား ၂ စီးပါရရှိပြီး တော်လှန်ရေးတပ်ဖွဲ့ အလံ လွှင့်ထူ (ရုပ်/သံ)
ရန်ကုန်၊ ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင် စစ်ကောင်စီ၏ ဗျူဟာကုန်းကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ရရှိလိုက်ပြီဖြစ်ပြီး လက်နက်ခဲယမ်းများ အပါအဝင် စစ်ကောင်စီ၏ တင့်ကား ၂ စီးကိုပါ သိမ်းပိုက်ရရှိကြောင်း ရှေ့တန်းသတင်းရင်းမြစ်များက ပြောဆိုသည်။
ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်က စတင်ကာ ညပိုင်းအထိ မူဆယ်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ၁၀၅ မိုင်တပ်စခန်းကို ညီနောင် မဟာ မိတ် ၃ ဖွဲ့ ဖြစ်သော MNDAA၊ AA နှင့် TNLA ပူးပေါင်းတပ်ဖွဲ့တို့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းတွင် စစ်တပ်၏ ၁၀၅ မိုင် ဗျူဟာကုန်း ရရှိခဲ့သော်လည်း နယ်မြေရှင်းလင်းလုပ်ဆောင်ရန် ကျန်ရှိနေခြင်း၊
စစ်ကောင်စီတပ်က လေယာဉ်များ၊ အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်နေသဖြင့် နယ် မြေ ရှင်းလင်းရေး မလုပ်ဆောင်နိုင်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် စခန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း ၊ လက် နက်ခဲယမ်းများနှင့်အတူ စစ်ကောင်စီ၏ တင့်ကား ၂ စီးကိုပါ သိမ်းပိုက်ရရှိကြောင်း၊ စခန်းတွင် တော်လှန်ရေးတပ်ဖွဲ့ ၏ အလံကိုပါ လွှင့်ထူထားကြောင်း သိရှိရသည်။
“ဗျူဟာကုန်းကတော့ ရသွားတာ အတည်ပြုနိုင်ပါတယ်။ တင့်ကား ၂ စီးလည်းရတယ်။ လက်နက်ခဲယမ်းတွေလည်းရတယ်။ စခန်းသိမ်းပြီးကတည်းက တောက် လျှောက် လေယာဉ်တွေ ရဟတ်ယာဉ်တွေ၊ ဒုံးတွေနဲ့ပစ်ခတ်မှုတွေရှိခဲ့တယ်” ဟု မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး စတင်ချိန် အောက်တိုဘာလမှစတင်၍ ယခုအချိန်အထိ စစ်ကောင်စီတပ်၏ စခန်းပေါင်း ၃၀၀ နီးပါးနှင့် မြို့ ၇ မြို့ကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။