ရန်ကုန်တွင် စက်သုံးဆီများ ပြန်လည်ပြတ်လပ်ပြီး ဆီရရှိသော ဆိုင်တချို့တွင် ကားများ တန်းစီရပြန်၊ ဆီဆိုင်အများစု ဓာတ်ဆီနှင့် ဒီဇယ်ဆီ မရ၍ အရောင်းယာယီပိတ်ထားရ
ရန်ကုန်၊ ဒီဇင်ဘာ ၁၆
ရန်ကုန်တွင် စက်သုံးဆီများ ပြန်လည် ပြတ်လပ်နေပြီး ဆီရရှိသော ဆိုင်တချို့တွင် အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေကာ ကားများ အလွန်ကြာမြင့်စွာ စောင့်ဆိုင်း တန်းစီနေရကြောင်း ရန်ကုန်မြို့မှ ပြည်သူများက ပြောဆိုသည်။
ဒီဇင်ဘာလဆန်းပိုင်းတွင် ရန်ကုန်အပါအဝင် တစ်နိုင်ငံလုံး စက်သုံးဆီ မလုံလောက်မှုများနှင့် ပြတ်လပ်မှုများ ကြုံတွေ့ခဲ့ရပြီးနောက် ရက်အနည်းငယ် ပြန်လည် ပြေလည်သွားခဲ့ကြောင်း၊ ယခုအခါ ထပ်မံ၍ စက်သုံးဆီ မရရှိတော့ဘဲ ဆီရရှိသော ဆိုင်တချို့တွင်လည်း ကားတစ်စီးလျှင် နှစ်သောင်းဖိုးနှင့် သုံးသောင်းဖိုးသာ ရောင်းချပေးနေကြောင်း သိရှိရသည်။
“မနေ့ညကစပြီး PD ပရီမီယံ ဒီဇယ်မရဘူး။ 95 မရဘူး။ ဒီမနက်ကျတော့ 95 ၊ 92 ရောမရတော့ဘူး။ ဒီဇယ်လည်းမရဘူး။ ရတဲ့ဆိုင်တွေမှာလည်း ကားတန်းအရှည်ကြီးတွေ ပြန်ဖြစ်နေတယ်။ ရက်ပိုင်းလေးပဲ ပြေလည်သွားပြီး အခု ပြန်ဖြစ်ပြန်တယ်။ ဘာလို့ အဲဒီလိုဖြစ်နေလဲတော့မသိဘူး။ ဆီဆိုင်တွေပြောတာကတော့ ဆီခွဲတမ်းနည်းသွားတယ်ပြောတယ်။ ဆီဘောက်ဆာတွေလည်း သီလဝါမှာ ကြိတ်ကြိတ်တိုး နေပြန်ပြီတဲ့။ ဒီလိုမျိုးကြီးဆိုရင်တော့ အတော်ကို အဆင်မပြေဘူး။ ဆီဆိုင်မှာ တန်းမစီရတာ ၂ ရက် ၃ ရက်လောက်ပဲရှိမယ်” ဟု ရန်ကုန်မြို့မှ တက္ကစီ ယာဉ်မောင်းတစ်ဦးက ပြောဆိုသည်။
လက်ရှိတွင် ရန်ကုန်မြို့ရှိ ဆီဆိုင်အများစုတွင် ဆီဘောက်ဆာကားများ ပြန်လည် ဝင်မှ ဆီရောင်းချပေးမည်ဟု စာကပ်ထားပြီး ဆီဆိုင်တချို့ အရောင်းရပ်ထားရကြောင်း သိရှိရသည်။
“ဟိုတစ်ခေါက်လိုပဲ ပြန်ဖြစ်မယ်ထင်တယ်။ ဆီရရင်လည်း မြန်မြန်လာထည့်ဖို့ ဆီဆိုင်ဝန်ထမ်းလေးတွေ မှာလိုက်တယ်။ နယ်တွေမှာလည်း ဆီကို လုံး၀ ပြတ်သွားလို့ ဆိုင်တွေ ဖွင့်ပြီး ဆီမရှိလို့ ငုတ်တုတ်မေ့နေတယ်ပြောတယ်။ ဆီကို လုံလုံလောက်လောက်ကို မသွင်းပေးနိုင်တာလို့ ပြောတယ်” ဟု ဆီဆိုင်မန်နေဂျာတစ်ဦး ရှင်းပြချက်မှုကို ရန်ကုန်မြို့ခံတစ်ဦး က ပြန်ပြောင်းပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက စက်သုံးဆီများကို နယ်ဒေသများသို့ သယ်ရာတွင် ဆီသယ်ယူခွင့်လက်မှတ် မပါဘဲ သယ်ယူလျှင် အရေးယူထောင်ချမည်ဟု စည်းကမ်းတင်းကျပ်မှုများ လုပ်ဆောင်သည့်အပြင် ဆီခွဲတမ်းများကိုလည်း ပုံစံမျိုးဖြင့် အပြောင်းအလဲ တင်းကျပ်နေသဖြင့် ဆီထုတ်ရမှု ခက်ခဲလာကာ ဆီမလုံလောက်မှုများ ဖြစ်ပေါ်နေကြောင်း၊ အဓိကအားဖြင့် ဆီကို လုံလုံလောက်လောက်သွင်းနိုင်သည့် နိုင်ငံခြားငွေ ကြေး ပြတ်လပ်နေခြင်းကြောင့် ဖြစ်ကြောင်း ဆီလုပ်ငန်းရှင်တချို့က ပြောဆိုကြသည်။
ဓာတ်ပုံ- ရန်ကုန်ရှိ စက်သုံးဆီဆိုင်တချို့ ဆီပြတ်လပ်သွားသဖြင့် ဆိုင်များ ယာယီ အရောင်းရပ်ပြီး ပိတ်ထားရစဉ်။