ရွှေဘိုမြို့နှင့် မြိုင်မြို့ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၁၆
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မရဲစခန်းနှင့် မြို့တောင်ဘက်ရှိ မုခ်တွင် အထိုင်ချထားသော အကြမ်းဖက်စစ် ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦး သေဆုံးခဲ့ကြောင်း ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
ယနေ့ ဒီဇင်ဘာလ ၁၆ ရက် နံနက် ၇ နာရီ ၃၅ မိနစ်ခန့်က ပြည်သူများကို ပေါ်တာဆွဲခြင်း၊ ဖမ်းဆီး အနိုင်ကျင့်ခြင်း လုပ်ဆောင်နေသော ရွှေဘိုမြို့မရဲစခန်းကို ဗုံးသီး ၂ လုံး၊ မြို့တောင်ဘက် မုခ်ပေါက်၌ ဂိတ်ဖွင့်ကာ ပြည်သူများကို ပိတ်ဆို့ စစ်ဆေးငွေညှစ်နေသော အကြမ်းဖက်စစ်သားများကို ဗုံးသီး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ရဲတစ်ဦးသေဆုံးပြီး ၅ ဦးအပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်ဒဏ်ရာရရှိသော အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲ၊ စစ်သားများကို နာရေးကား ၂ စီးဖြင့် ရွှေဘိုမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ သယ်ဆောင်သွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုအားမာန်မြို့ပြပြောက်ကျားတပ်ဖွဲ့၊ UG တပ်ဖွဲ့ ၊ရွှေဘိုမြို့နယ် ပြည်သူ့ လုံခြုံရေးတပ်ဖွဲ့ ၊ နယ်စီးမခြား ဗိုလ်ပျံလွှား (ဝလ) ကျားညီနောင် အဖွဲ့ ၊ Black Silencer Defence Force ၊ BFDF ၊ War Lord Defence Force ၊ တန၊ ၅ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဗိုလ် လင်းရောင်(ဒပယ)တပ်ဖွဲ့တို့ ပူးပေါင်း ကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မြိုင်မြို့ပေါ်ရှိ ရဲစခန်း၊ အထက ၂ ၊ စီမံရုံးနှင့်အရှေ့ဂိတ်တို့၌ တပ် စွဲ ထား သော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း မြိုင် ပကဖမှ တာဝန်ရှိ သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဒီဇင်ဘာလ ၁၄ ရက် ည ၁ နာရီခန့်မှစ၍ ဒီဇင်ဘာလ ၁၅ ရက် ည ၁၀ နာရီအထိ မြိုင်မြို့ပေါ်ရှိ မြိုင် မြို့မ ရဲစခန်း၊ အထက – ၂ ၊ စီမံရုံး နှင့် အရှေ့ဂိတ်တို့၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို ဒရုန်း လေယာဉ်ငယ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပစ်မှတ်နေရာများကို တိကျစွာ ကျဲချနိုင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Middle Revolution Task Force (MRTF)၊ မြိုင်(ပကဖ)၊ Freedom Fighter ၊ ရွှေဓားဗိုလ်၊ လင်းမြွေ နှင့် RPTF တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ ဒီဇင်ဘာလ ၁၄ ရက် မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိတစ်ကြိမ်၊ ဒီဇင်ဘာလ ၁၀ ရက် ညနေ ၄ နာရီခွဲခန့်တွင် တစ်ကြိမ် မြိုင်မြို့နယ်၊ တွင်းမပျူရွာသို့ ရောက်ရှိတပ်စွဲနေသော အကြမ်းဖက် စစ်သားများကို ဒရုန်းယာဉ်ငယ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပစ်မှတ်များကို တိကျစွာ ကျဲချနိုင်ခဲ့ပြီး အ ကြမ်း ဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Middle Revolution Task Force (MRTF)၊ မြိုင်(ပကဖ)၊ Freedom Fighter ၊ Thu Rain (TR)၊ Young Force (UG) တပ်ဖွဲ့နှင့် နယ်မြေခံမဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
