အကြမ်းဖက်စစ်တပ်ထံ စက်သုံးဆီနှင့် လေယာဉ်ဆီ တင်သွင်းရောင်းချနေသည့် ကုမ္ပဏီများ၊ ရေကြောင်းအာမခံ ကုမ္ပဏီများနှင့် သင်္ဘော အေဂျင်စီ များကို အရေးယူပေးပါရန် NUCC တိုက်တွန်း
ရန်ကုန်၊ ဒီဇင်ဘာ ၁၇
အမေရိကန်နှင့် အင်္ဂလန်နိုင်ငံတို့က စီးပွားရေး ပိတ်ဆို့ထားမှုကို ချိုးဖောက်ပြီး အကြမ်းဖက်စစ် ကောင်စီထံ လောင်စာ ဆီတင်ပို့ရောင်းချနေသော ဘဏ်များ၊ လောင်စာဆီ တဆင့်ခံ သိုလှောင် ပေးသည့် ကုမ္ပဏီများ၊ ရေကြောင်းအာမခံကုမ္ပဏီများနှင့် သင်္ဘောအေဂျင်စီများကို အရေးယူပေးပါရန် NUCC က တောင်းဆိုလိုက်ကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)မှ ဦးမောင်မောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အမေရိကန်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ပ နိုင်ငံခြားငွေစိစစ်မှုဌာနရုံး (Department of the Treasury, Office of Financial Assets Control (OFAC) of the United States of America) နှင့် ဗြိတိန်နိုင်ငံ၊ စီးပွားရေးပိတ်ဆို့မှုဆိုင်ရာ စီမံခန့်ခွဲမှုရုံး (Office of Financial Sanctions Implementation (OFSI) under the Treasury of HM Government of the United Kingdom) တို့ အနေဖြင့် အကြမ်းဖက်စစ်အုပ်စုအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုဆိုင်ရာ စည်းမျဉ်းများကို ချိူးဖေါက် သူများအတွက် ရေးသားချမှတ်ထားသည့် ပြစ်ဒဏ်များကို ချမှတ်ကျင့်သုံးရန် အမျိုးသား ညီညွတ်ရေး အစိုးရ အတိုင်ပင်ခံကောင်စီ – NUCC က တောင်းဆိုလိုက်သည်။
မြန်မာနိုင်ငံရှိ စစ်ကောင်စီထံသို့ အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများအတွင်း စက်သုံးဆီဆီတင် သင်္ဘော ၁၂ စီးဖြင့် လောင်စာဆီ တင်သွင်းပို့ဆောင်ပေးခဲ့သော်လည်း အများပြည်သူများအနေဖြင့် လောင်စာဆီ ပြတ်လပ်မှုကို ကြုံတွေ့နေရကြောင်း၊ လောင်စာဆီကို မည်သည့်နေရာသို့ ပို့ဆောင်မည်နည်း ဆို သည့် မေးခွန်းထုတ်မှုများလည်း ရှိနေကြောင်း သိရသည်။
“စစ်အုပ်စုက လောင်စာတင်သွင်းနေတယ်ဆိုတာကို သူတို့ တိတိလင်းလင်းပြောတယ်၊ သူတို့ ကြေ ညာတယ်၊ ကျနော်တို့က သူတို့ကို စီးပွားရေး အရ ပိတ်ဆို့ရမယ်၊ နောက်တစ်ခါ စစ်အုပ်စုကို အ ထောက်အကူဖြစ်စေမယ့် အာလုံးကို ပိတ်ဆို့ရမယ်၊ ကျနော်တို့တောင်းဆိုတာက အစိုးရနှစ်ခုကိုပဲ တိတိကျကျတောင်းဆိုတာ ဖြစ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်အစိုးရက စီးပွားရေး ပိတ်ဆို့မှုချမှတ်ထားတာရှိတယ်၊ ထို့အတူ ဗြိတိန်အစိုးရကလည်း စီးပွားရေးချမှတ် ထားတာရှိတယ်၊ အဲလိုချမှတ်ထားတဲ့အတွက်ကြောင့် စစ်အုပ်စုက ဒေါ်လာနဲ့ ပတ်သက်ပြီးတော့ ပြည်ပမှာရှိတဲ့ သူတို့ငွေတွေကို သုံးလို့မရတော့ တော်တော် ကသောင်းကနင်းဖြစ်တယ်၊ တိုင်းပြည်လဲ ဒုက္ခရောက် ပါတယ်၊ ပြည်သူလဲ ဒုက္ခရောက်တယ်၊ ဒါကိုလည်း ကျနော်တို့သိပါတယ်၊ စက်မှုလက်မှုသမားတွေ လည်း ဒုက္ခရောက်တယ်၊ ဒါကိုလည်း ကျနော်တို့ သိတယ်၊ ပိုပြီးတော့ အခက် အခဲဖြစ်တာက စစ် အုပ်စုပါ၊ စစ်အုပ်စုက နှစ်မျိုးပါ၊ သူ့တပ်က တော်တော်အခက်အဖြစ်သွားတယ်၊ တပ်အခက်အခဲ ဖြစ်တဲ့ အတွက်ကြောင့် မြေပြင်မှာ မထိန်းနိုင်၊ မသိမ်းနိုင် ဖြစ်ပြီးတော့ တိုက်ပွဲတွေမှာ လက်တွေ့ အားလုံးမြင်နေရတဲ့ကိစ္စဖြစ်တယ်၊” အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)မှ ဦးမောင်မောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) နှင့် မြန်မာနိုင်ငံဗဟိုဘဏ် (CBM) တို့အပေါ် ပိတ်ဆို့မှုများ၊ စင်္ကာပူနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ အစိုးရများက ထပ်ဆင့် ပိတ်ဆို့အရေးယူမှုများ (secondary sanctions) ၏ သက်ရောက်မှု ကြောင့် အကြမ်းဖက်စစ်အုပ်စု၏ နိုင်ငံခြား ငွေလဲ လှယ်နှုန်းအား ဖရိုဖရဲကိုင်တွယ်နေကြောင်း၊ ထို့ကြောင့် အကြမ်းဖက်စစ်အုပ်စုအတွက် ကုန်ကျ စရိတ်များ သိသိသာသာ တိုးမြင့်ခက်ခဲ လာ စေကြောင်း NUCC က ထောက်ပြထားသည်။
“နောက်တစ်ခုက သူ့ရဲစီးပွားရေးပါ၊ သူ့ရဲ့စီးပွားရေးဆိုတာ နိုင်ငံ့စီးပွားရေး မဟုတ်ပါဘူး၊ သူ့မိသားစု စီးပွားရေးကို တိုက်ရိုက်သက်ရောက်မှုရှိတယ်ဆိုတာ သိရတဲ့အတွက်ကြောင့် ဒီတောင်းဆိုမှုကို လုပ်တာဖြစ်တယ်၊ အဲဒီတော့ အမေရိကန်အစိုးရနဲ့ အင်္ဂလိပ်အစိုးရကို တောင်းဆိုတာက သူတို့ စီးပွား ရေးပိတ်ဆို့မှုကို ချမှတ်တယ်၊ ဒါပေမယ့် အခု စစ်အုပ်စုက ကြေညာသလို တင်သွင်းလို့ရသလို အခြား သူတို့ရဲ့ စစ်ပစ္စည်းတွေကို တင်သွင်းလို့ ရနေတယ်ဆိုတာ ရိပ်စားမိတဲ့အတွက်ကြောင့် စီးပွားရေး ပိတ် ဆို့မှုကို ချိုုးဖောက်တဲ့သူကို ဖိဖိစီးစီး အပြစ်ဒဏ်ချပေးပါ၊ အရေးယူပေးပါလို့ ကျနော်တို့ ပြောလိုတာ ဖြစ်ပါတယ်။” အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)မှ ဦးမောင်မောင်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထိုသို့ ဘဏ်များအပေါ်သက်ရောက်မှုကြောင့် အကြမ်းဖက်စစ်အုပ်စုသည် လောင်စာဆီဝယ်ယူရာ တွင် လိုအပ်သော နိုင်ငံခြားငွေကို မထုတ်ပေးနိုင်တော့ပဲ ဂျက်လေယာဥ်လောင်စာဆီ၊ နှစ်မျိုးသုံး လောင်စာဆီဖြစ်စေ (တပ်ဖွဲ့အားလုံး၊ စစ်ဖက်ဆိုင်ရာကိစ္စရပ်များအားလုံးအတွက် အသုံးပြုနေသော ဒီဇယ်ထရပ်ကားများနှင့် လောင်စာဆီတင် သင်္ဘောများ) လောင်စာဆီ တင်သွင်းမှုများအားလုံး၊ ဆက်စပ် သင်္ဘောစင်းလုံးငှားခ၊ လောင်စာဆီဝယ်ယူမှု၊ ရေကြောင်းပို့ဆောင်မှုအာမခံ စသည့် လုပ် ငန်း အားလုံးသည် နိုင်ငံခြားငွေ လိုအပ်လျက်ရှိကြောင်း သိရသည်။
“အပြစ်ဒဏ်ချတာကို ဘယ်လိုအပြစ်ဒဏ်ချလဲ မေးစရာရှိပါတယ်၊ အမေရိကန်အစိုးရတို့၊ အင်္ဂလိပ် အစိုးရတို့က သူတို့က စီးပွားရေးပိတ်ဆို့တယ် ဆိုရင်ဆန်ရှင်က ထုတ်လိုက်တယ်ပေါ့၊ အမေရိကဆို ရင် သမ္မတဘိုင်ဒင်က လက်မှတ်ထိုးတာ EO -၁၄၀၁၄ ဆိုတာရှိတယ်၊ နောက်တစ်ခါ UK က လည်း ထုတ်တာတွေရှိတယ်၊ ၂၀၂၁ ကတည်းထုတ်တာတွေရှိတယ်၊ ထုတ်ပြီးတဲ့နောက်မှာ နောက်ဆက်တွဲ ဘာထွက်လာသလဲ ဆိုတော့ သူတို့ရဲ့သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကနေပြီးတော့ ဒီစီးပွားရေးပိတ်ဆို့ ထားမှုကို ချိုးဖောက်တဲ့သူတွေကို အရေးယူဖို့ သတ်မှတ်ချက်တွေကို ထွက်ပါတယ်၊ အဲဒါကိုလည်း ကျနော်တို့စာထဲမှာထည့်ရေးထားပါတယ်၊ အဲဒီသတ်မှတ်ချက်တွေအရ ကျနော်တို့ အရေးယူပေးဖို့ တောင်းဆိုတာ ဖြစ်ပါတယ်၊” အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)မှ ဦးမောင်မောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အကြမ်းဖက်စစ်အုပ်စုသည် စစ်ရေးဆုံးရှုံးမှုများ၊ နိုင်ငံခြားငွေပိတ်ဆို့ခံရခြင်းနှင့် ဆက်စပ်ပြဿနာ များကြောင့် သိသာစွာယိုင်နဲ့ လာနေပြီး မြန်မာနိုင်ငံအပေါ်ချမှတ်သည့် ပိတ်ဆို့အရေးယူမှုများ ချိုး ဖောက်သူများအပေါ် လက်တွေ့ကျကျ ဒဏ်ခတ်ခြင်းကို ကျင့်သုံးမှသာ စနစ်တစ်ခု အပြောင်းအလဲကို ပံ့ပိုးသည်မှာ ထိရောက် အောင်မြင်မည်ဖြစ်ကြောင်း NUCC က ပြောကြားသည်။
အပြည်ပြည်ဆိုင်ရာ၏ ဒဏ်ခတ်အရေးယူ ပိတ်ဆို့ ခြင်းကို ညှိနှိုင်းကျင့်သုံးမှုသည် အကြမ်းဖက် စစ်အုပ်စု၏ ကျဆုံးခန်း သို့ လျင်မြန်စွာ ရောက်ရှိစေပြီး ဖက်ဒရယ် ဒီမိုကရေစီစနစ်ဆီသို့ လမ်းခင်းပေး ရာလည်း ရောက်မည် ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ အကြမ်းဖက်စစ်အုပ်စုအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုဆိုင်ရာ စည်းမျဉ်းများကို ချိူးဖေါက်သူများအတွက် ဥပဒေပြုချမှတ်ထားသည့် ပြစ်ဒဏ်များကို ချမှတ်ကျင့် သုံးရန် တောင်းဆိုပါကြောင်း NUCC ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
“ဒီဟာကိုတောင်းဆိုတာ ဖြစ်နိုင်ပါ့မလားဆိုရင်း ဖြစ်နိုင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီခေတ် ဒီ အခါ မှာဆိုရင် ရုရှားနဲ့ပတ်သက်ရင် လူတိုင်းသိပါတယ်၊ ရုရှားကို စီးပွားရေးပိတ်ဆို့ထားတယ်၊ ပိတ်ဆို့ထား ပြီး တဲ့ နောက်မှာ ရုရှားကို ဆီသွားပို့တဲ့ သင်္ဘောတွေကို အမေရိကန်ကနေ အရေး ယူတာရှိတယ်၊ အင်္ဂလန်နိုင်ငံကအရေးယူတာရှိတယ်၊ သင်္ဘောတွေကို အာမခံ လုပ်ပေးတဲ့ ကုမ္ပဏီ တွေကို အမေရိကန်နိုင်ငံက အရေးယူတာရှိတယ်၊ အင်္ဂလန်နိုင်ငံက အရေးယူတာရှိတယ်၊ နောက် တစ်ခါ ရုရှားနိုင်ငံကို ငွေအလွှဲအသွင်းလုပ်ပေးတဲ့ စတင်းတက် ချားတစ်ဘဏ်ဆိုတဲ့ ဘဏ်အကြီး ကြီးကို အင်္ဂလန်ကရော အမေရိက ကပါ အရေးယူတာတွေရှိတယ်ဆိုတာ ဥပမာပြောပြ တာပါ၊” အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)မှ ဦးမောင်မောင်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ထို့ကြောင့် အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ဂျက်လေယာဥ်လောင်စာဆီ၊ နှစ်မျိုးသုံးလောင်စာ (သာ မန်အရပ်သုံး နှင့် စစ်ကားသုံး) ကို စင်္ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ဝယ်ယူနိုင်ရန်အတွက် ငွေကြေးလွှဲပြောင်းမှုများကို ဆောင်ရွက်ပေးသည့် ဘဏ်များ၊ လောင်စာဆီ တဆင့်ခံ သိုလှောင်ပေးသည့် (Bunker) ကုမ္ပဏီများ၊ ရေကြောင်းအာမခံကုမ္ပဏီများနှင့် သင်္ဘော အေဂျင်စီ များအား စီးပွားရေး ပိတ်ဆို့မှုကို ချိုးဖောက်သည့်အတွက် ပြစ်ဒဏ်များ ချမှတ် ပေးရန် NUCC က တောင်းဆိုထားသည်။
“ဒါ့ကြောင့်မို့လို့ ကျနော်တို့နိုင်ငံမှာကျတော့ ဆန်ရှင်ချတယ် ဆန်ရှင်ချတယ်ဆိုပြီးတော့ ထားတယ်၊ နာမည်သာပျက်တယ်၊ ထိထိရောက်ရောက် ပုံဖော်မှုမရှိပါဘူး၊ ဒါကြောင့်မို့လို့ ကျနော်တို့ မြန်မာနိုင်ငံ သူမြန်မာနိုင်ငံသားတွေကို ဖက်ဒရယ်ဒီမိုကရေစီရောက်ဖို့ကို တကယ်ကူညီချင်တယ်ဆိုရင်တော့ သူတို့ ထုတ်ထားပြီးသား ဆန်ရှင်ရှိတယ်၊ အဲဒီဆန်ရှင်အတွက်ထုတ်ထားပြီးသား အရေးယူမှုတွေရှိ ပါတယ်၊ အဲဒီအရေးယူမှုတွေနဲ့ အခုချိုးဖောက်နေတဲ့ သင်္ဘောတွေကို အရေးယူလိုက်မယ်ဆိုရင်တော် တော်လေး ရှင်းသွားမယ်၊ စစ်အုပ်စုကလောင်စာလည်း ဝယ်လို့မရတော့ဘူး၊ လောင်စာဝယ်ဖို့အတွက် ကိုအရေးကြီးတဲ့ သူတို့မှာ နိုင်ငံခြားမှာရှိတဲ့ငွေတွေအားလုံးကိုနောက်တဆင့်ပိတ်ပေးဖို့ လိုအပ်ပါ တယ်ဆိုတာ တောင်းဆိုတာဖြစ်ပါတယ်၊” အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)မှ ဦးမောင်မောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဓာတ်ပုံ- ရန်ကုန်တွင် နိုဝင်ဘာလ ၁၆ ရက်နေ့ စက်သုံးဆီ တင်ဆောင်လာသော ဆီတင်သင်္ဘော သီလဝါ ဆိပ်ကမ်းတွင် ဆိုက်ကပ် ဆီချခဲ့စဉ်။