မင်းတပ်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ၊ ဆောထိမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး ဒဏ်ရာရ
ရန်ကုန်၊ ဒီဇင်ဘာ ၁၇
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ်က မင်းတပ်မြို့နယ် တိုက်နယ်အမှတ် ၁ စွန်တောင်ကျေးရွာနှင့် ဝမ်းမသူးကျေးရွာ တို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
” တိုက်နယ်အမှတ် ၁ စွန်တောင်ကျေးရွာနဲ့ ဝမ်းမသူးကျေးရွာတို့ကို အခု လေယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက်နေတယ်။ ပြည်သူတွေ ထိခိုက်မှု ရှိမရှိတော့ မသိရသေးပါဘူး။ ဘုရားကျောင်းနဲ့ စာသင်ကျောင်းတွေ ပျက်စီးမှု ရှိနိုင်တာ သေချာပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် ကရင်ပြည်နယ်၊ KNU ဆောထိမြို့နယ်တွင် ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ကျေးရွာများအတွင်း လက်နက်ကြီး ၂၄ လုံး ပစ်ခတ်ခဲ့ရာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။
ဒီဇင်ဘာလ ၁၃ ရက်နေ့ ည ၈ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ-၂၀ တပ်ရင်းက ပုဇွန်မြောင်းတာဖြတ်မှနေ၍ ၁၂၀မမ လက်နက်ကြီး ၅ လုံး ဂွေးကုန်းကျေးရွာအတွင်းကို ပစ်ခတ်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၇ နာရီခွဲခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ-၅၉၈ တပ်ရင်းနှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A) လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့များ၊ တော်လှန်ရေးပူးပေါင်းတပ်များအကြား ကွမ်းဆိပ်ကျေးရွာအုပ်စု ရှမ်းစုအောက်ရွာတွင် ၃ မိနစ်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ခမရ-၅၉၈ တပ်ရင်းက ရှမ်းစုအောက်ကျေးရွာကို ၆၀ မမနှင့် ၈၁ မမ လက်နက်ကြီး စုစုပေါင်း ၁၇ လုံး ပစ်ခတ်ခဲ့ရာ အသက် ၄၂ နှစ်အရွယ် ဦးကျော်စိုး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဒီဇင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ပိန်းဇလုပ်အခြေစိုက် တပ်စခန်း ခလရ-၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၂ လုံးဖြင့် ဂွေးကုန်းကျေးရွာအုပ်စု ချုံအင်းကျေးရွာအတွင်းကို ပစ်ခတ်ခဲ့ကြောင်း သိရသည်။