မြန်မာနိုင်ငံတစ်ဝန်း တိုက်ပွဲများ ကြောင့် စစ်ဘေးရှောင် ပြည်သူ အရေအတွက် ၂ ဒသမ ၆ သန်းကျော်လာ
ရန်ကုန်| ဒီဇင်ဘာ ၁၈
မြန်မာနိုင်ငံတစ်ဝန်းဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နေရပ်စွန့် ထွက်ပြေးရသည့် စစ်ဘေးရှောင် ဒုက္ခသည် ၂ ဒသမ ၆ သန်းကျော်ရှိလာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာလ ၂၇ ရက်နေ့ မှစတင်၍ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ စစ်ကောင်စီနှင့် တော်လှန်ရေး တပ်ဖွဲ့များ အကြား စစ်ရေး အရှိန်ပြင်းထန်လာသောကြောင့် လူပေါင်း ၆၆၀,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေး ခဲ့ရသည်ဟု ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စစ်ဘေးရှောင် ဒုက္ခသည်များကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးဖို့ လိုအပ်ချက်များ များပြားနေပြီး ၂၀၂၃ ခုနှစ် တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းက စစ်ဘေးရှောင် ပြည်သူများ၏ ၂၉ ရာခိုင်နှုန်းကို သာ UN OCHA က အကူအညီပေးထားကြောင်း ဆိုသည်။
လတ်တလောမှာ မြန်မာစစ်ဘေးရှောင်ပြည်သူများ ကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးအပ်နိုင်ရန် အရေးပေါ် ရန်ပုံငွေ လိုအပ်နေကြောင်း လည်း UNOCHA က ပြောသည်။
အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် မြန်မာ စစ်ဘေးရှောင်ပြည်သူများ အတွက် အရေးပေါ်ရန်ပုံငွေ ထည့်ဝင်ပေးကြဖို့လည်း တိုက်တွန်းထားပြီး လတ်တလော ထိခိုက်မှုများပြားသည် စစ်ဘေးရှောင် ဒုက္ခသည်များကို အကူအညီပေးဖို့ အမေရိကန် ဒေါ်လာ ၇ သန်း ကျော်အရေးပေါ်လို အပ်နေကြောင်းလည်း သိရသည်။
၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံက လူဦးရေ ၅ ဒသမ ၃ သန်းကို စားနပ်ရိက္ခာ၊ ရေ၊ အမိုးအကာ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကာကွယ်စောင့်ရှောက်ရေး အကူအညီများပေးရန် လူသားချင်းစာနာမှုလုပ်ဆောင်နေသူများက စီစဉ်ထားကြောင်းထုတ်ပြန်ထားပြီး ယင်းအတွက် အမေရိကန်ဒေါ်လာ ၉၉၄ သန်းလိုအပ်ကြောင်း ပြောကြားထားသည်။
ဓာတ်ပုံ- စစ်တပ်၏ မီးရှို့သတ်ဖြတ်မှုများကြောင့် ထွက်ပြေး တိမ်းရှောင်နေရ သော ပြည်သူများ။