ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေရှိ စစ်ကောင်စီ၏ အခိုင်အမာ တပ်စခန်း ထီးထ/ဖဲထာ(မို့လို့ကျိုး) စခန်းကို KNLA နှင့် ကရင်နီ တော်လှန်ရေးတပ်များက တိုက်ခိုက် သိမ်းပိုက် ရရှိ
ရန်ကုန်၊ ဒီဇင်ဘာ ၁၈
ကရင်ပြည်နယ် KNU တပ်မဟာ ၅ နယ်မြေရှိ စစ်ကောင်စီ၏ အခိုင်အမာ တပ်စခန်း ထီးထ/ဖဲထာ(မို့လို့ကျိုး) စခန်းကို KNLA နှင့် ကရင်နီ တော်လှန်ရေးတပ်များက သိမ်းပိုက် ရရှိကြောင်း Force for Federal Democracy – FFD မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ကရင်ပြည်နယ်နှင့် ကရင်နီပြည်နယ်အစပ် ရှိ ထီးထ/ဖဲထာ (မို့လို့ကျိုး) စခန်းသည် အကြမ်းဖက် စစ်တပ်မှ နှစ်ပေါင်း ၃၀ ခန့် အခိုင်အမာတပ်စွဲပြီး ခြေကုပ်ရယူထားသော စခန်းကြီးဖြစ်ကြောင်း၊ အဆိုပါစခန်းကို စခန်းကို KNU/KNLAနှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထီးထစခန်းတွင် စစ်တပ်အင်အား ၁၂၀ ခန့်နှင့် ကွန်ကရစ် ကတုတ်ကျင်း ကြီးငယ် ၃၀ ခန့်ဖြင့် အခိုင်အမာတပ်စွဲထားပြီး ခြေကုပ်ရယူထားသော စခန်းဖြစ်သောကြောင့် တိုက်ပွဲအလွန်ပြင်းထန်ခဲ့ပြီး ၂ ကြိမ်တိုင်တိုင် ထိုးစစ်ဆင်တိုက် ခိုက်ခဲ့ရကြောင်း၊ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်းမှာပင် ရန်သူ၏ ရဟတ် ယာဉ်များဖြင့် စစ်လက်နက်ပစ္စည်းများ ချပေးခြင်း၊ တိုက်လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းများ အကြိမ်ကြိမ်ပြုလုပ်နေသည့်ကြားမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
စခန်းသိမ်းတိုက်ပွဲတွင် ပါဝင်သော FFD (Force for Federal Democracy) တပ်ဖွဲ့ကလည်း Missile များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drone အမြောက် အမြားဖြင့် တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ပြီး အခက်အခဲများစွာထဲမှ စစ်တပ်၏ခံစစ် ပျက်စီးစေရန် အကောင်းဆုံး ထိုးနှက်နိုင်ခဲ့ကြောင်း၊ FFD တပ်ဖွဲ့က စစ်တပ်၏ စခန်းအနီးတွင် ယာယီစခန်းတစ်ခုထားကာ ရက်ပေါင်း ၂၀ နီးပါး နေ့စဉ်တိုက် ခိုက်နေခဲ့ပြီး စစ်တပ်၏ စိတ်ဓာတ် နှင့် ခံစစ်ဖွဲ့စည်းပုံကို ဖွဲမီးသဏ္ဍန် တိုက်စစ်ဖြင့် တမြေ့မြေ့ခြွေချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
FFD (Force for Federal Democracy) တပ်ဖွဲ့ အနေဖြင့် Drone များဖြင့် စစ်ကောင်စီ၏ စခန်း ဝေဟင်ကိုစိုးမိုး၍ ဖိနှိပ်ထားခြင်း၊ Missile များဖြင့် အဝေးမှ ခြိမ်းခြောက်ခြင်းဖြင့် ရက်ပေါင်း အတော်အကြာ တိုက်ခိုက်ပြီးနောက် မြေပြင်မှ ချေမှုန်းရေးတပ်များဖြင့် အတူတကွ စစ်ကောင်စီ၏ပွိုင့် ၉၃၉ “မဆုတ်တမ်း” ခံစစ်စခန်းဟုခေါ်သော ဖဲထာ စခန်းကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“စခန်းကနေလက်နက်ခဲယမ်းတွေတော့သိမ်းဆည်းရရှိပါတယ်ခင်ဗျ။ အရေ အတွက်ကတော့ ကျနော်တို့အနေနဲ့အတိအကျမသိရှိသေးပါဘူး။ ထွက်ပြေးလွတ် မြောက်သွားဝာာ တွေလည်းရှိသေးတဲ့အတွက် နယ်မြေရှင်းလင်းရေးဆက်လက်လုပ်ဆောင်တာတွေလုပ်နေရသေးတော့ ရန်သူ့ဘက်က အသေအဆုံးထိခိုက်စာရင်းကတော့ ကျနော်တို့မသိရှိသေးပါဘူး” ဟု Force for Federal Democracy – FFD မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။