26 C
Yangon

ရခိုင်ပြည်နယ်၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ ကျောက်ဖြူနှင့်ပေါက်တောမြို့နယ်တို့တွင် တိုက်ပွဲများနှင့် ပစ်ခတ်မှုများ ဖြစ်နေ၊ စစ်တပ်က အရပ် သား ပြည်သူများကို ဆက်တိုက်ဖမ်းဆီးနေ

Must read

ရခိုင်ပြည်နယ်၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ ကျောက်ဖြူနှင့်ပေါက်တောမြို့နယ်တို့တွင် တိုက်ပွဲများနှင့် ပစ်ခတ်မှုများ ဖြစ်နေ၊ စစ်တပ်က အရပ် သား ပြည်သူများကို ဆက်တိုက်ဖမ်းဆီးနေ

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

ရခိုင်ပြည် တောင်ပိုင်းရှိ မြို့နယ်တစ်ခု ဖြစ်သည့် ရမ်းဗြဲမြို့တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တို့ ယနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်း အချိန်ခန့်တွင် နှစ်ဖက် တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ကြောင်း ရမ်းဗြဲမြို့ခံများက ပြောသည်။

တိုက်ပွဲမှာ ယနေ့ နံနက်ပိုင်း ၈ နာရီခန့်က ရမ်း‌ဗြဲမြို့မစျေးအနီးရှိ စစ်ကောင်စီတပ်စွဲရာ သိမ်တောင်တွင် ဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်ဟု ရမ်းဗြဲဒေသခံတစ်ဦးက ပြောသည်။

“ဒီကနေ့ မနက်ပိုင်းကနေစဖြစ်ကြတာပါ။ စစ်ကောင်စီတပ်တပ်စွဲထားတဲ့ သိမ်တောင်မှာဖြစ်တာ။ နှစ်ဖက်ပစ်သံတွေလည်းကြားရတယ်။ သိမ်တောင်က မြို့မစျေးနဲ့နီးပါတယ်။ တိုက်ပွဲဖြစ်တော့ လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်တာတွေရှိတယ်” ဟုပြောသည်။

ရမ်းဗြဲမြို့တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားရှိနေခြင်းကြောင့် သံဇစ်မြစ်ရှိ စစ်ကောင်စီ နေဗီနှင့် အလယ်တိမ်တောင်ပေါ်တွင် တပ်စွဲနေသည့် စစ်ကောင်စီရေတပ်တို့မှ ရမ်းဗြဲမြို့သို့ လက်နက်ကြီးများမှ ယနေ့နံနက်ပိုင်းမှ စတင်၍ ပစ်ခတ်လျှက်ရှိနေကြောင်း နောက်ထပ်ဒေသခံတစ်ဦးဆိုသည်။

“ဒီနေ့လက်နက်ကြီးပစ်တာတွေက တစ်ခြားနေ့တွေနဲ့မတူဘူး။ မနက်ကနေပစ်နေတာ ခုထိပစ်တုန်းပဲ။ အရင်နေ့တွေဆို ၂ လုံး၊ ၃ လုံးထက်ပိုမပစ်ဘူး။ ရေတပ်ကပစ်တယ်။ နောက်သံဇစ်မြစ်က နေဗီကပစ်နေတယ်” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားမှုရှိနေသည့် လက်ရှိရမ်းဗြဲမြို့အခြေနေမှာမူ တစ်မြို့လုံးတိတ်ဆိတ်လျှက်ရှိနေပြီး စျေးဆိုင်ခန်းများအားလုံးလည်းပိတ်သိမ်းထားကာ လက် နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှုအခြေအနေအား မသိရသေးကြောင်း မြို့ခံများက ပြောသည်။

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့မှာ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက်နေ့ကလည်း မြောက်ဦးမြို့တွင် တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပြီး အဆိုပါတိုက်ပွဲတွင် စစ်ကောင် စီဘက်မှအကျဆုံးများရှိခဲ့သည်။

ရခိုင်ဖက်ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့၏ တိုက်ပွဲမှာ ရခိုင်မြောက်ပိုင်းမြို့နယ်များတွင် အများဆုံးဖြစ်ပွား လျှက်ရှိနေပြီး လက်ရှိ တောင်ပိုင်းမြို့နယ်များသို့ပါ တိုက်ပွဲစတင်ဖြစ်ပွားမှုရှိလာခြင်းဖြစ်သည်။

ထို့ပြင် ဒီဇင်ဘာလ ၁၇ ရက်နေ့၊ နံနက် ၁၁ နာရီ ၃၂ မိနစ် အချိန်မှစ၍ ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့ရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၁၅ လက် အောက် ခံတပ်ရင်းတစ်ခုဖြစ်သော ရသေ့တောင်မြို့ အခြေစိုက် “ခမရ ၅၃၇ တပ်ရင်း” က ၁၂၀ မမ ဖြင့် အဆက်မပြတ်ရမ်းကားပစ်ခတ်ခဲ့သဖြင့် ရသေ့တောင် မြို့နယ်၊ သဝင်ချောင်းကျေးရွာ၏ မြောက်ဘက် မီတာ (၁၀၀) ကေျာ်ခန့်အကွာတွင်ရှိသည့် နေရာများတွင် လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ တစ်ချိန်တည်း၌ ဒုံးပိုက်ကျေးရွာနှင့် ချိန်ခါလီကျေးရွာကြားရှိ ပင်လယ်ပြင်မှ စစ်ကောင်စီ၏ နေဗီတစ်စီး က ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ် အချိန်ခန့်မှစ၍ ၈၀ မမ ဖြင့် ၅ ကြိမ် အဆက်မပြတ် ထပ်မံပစ်ခတ်ခဲ့ရာ သဝင်ချောင်းကျေးရွာနှင့် ၎င်းကျေးရွာ၏ အနီးအနား၌ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

အလားတူ ဒီဇင်ဘာလ ၁၇ ရက်နေ့၊ နံနက် ၁၁ နာရီ ၄၅ မိနစ် အချိန်ခန့် ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်၊ အင်းဒင်အခြေစိုက် စစ်ကောင်စီ၏ “နခခ (၆) တပ်ရင်း” က အောင်သုခကျေးရွာနှင့် ကိုးတန်ကောက်ကျေးရွာကြားရှိ ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များရှိရာ မေယုတောင်တန်းသို့ လက်နက် ကြီး ဖြင့် ၆ ကြိမ်တိုင်တိုင် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ဒီဇင်ဘာလ (၁၇) ရက်နေ့ ရက္ခိုင်ပြည်၊ အမ်းမြို့နယ်တွင် စစ်တပ်က စစ်ရေးလှုပ်ရှားမှု နှင့် အင်အားဖြည့်တင်းမှုများ ပြုလုပ်လျက်ရှိကာ ရက္ခိုင့်တပ်တော် (AA) နှင့် ထိတွေ့တိုက်ပွဲအချို့ ဆက်လက် ရှိနေခဲ့ကြောင်း၊ စစ်တပ်က အမ်းမြို့နယ် အပါအဝင် ရက္ခိုင်ပြည်၊ မြို့နယ်အချို့၌ ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခဲ့ကြောင်း သိရှိရသည်။

စစ်အင်အားဖြည့်တင်းလျက်ရှိသော အမ်းမြို့နယ်အတွင်း ဒီဇင်ဘာလ ၁၇ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ် အချိန်ခန့် ကဇုကိုင်း ‌တောဟိန်းတောင် အခြေစိုက် စစ်ကောင်စီစခန်းက လက်နက်ကြီးများဖြင့် ရမ်းကား ပစ်ခတ်ခဲ့သဖြင့် ကမ်းထောင်းကြီးမြို့ အတွင်းသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ရာ ဒေသခံအမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၂ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် လူခြေတိတ်ဆိတ်ချိန် ည ၉ နာရီ ၃၀မိနစ် ခန့်တွင်လည်း ရက္ခိုင်ပြည်၊ ပေါက်တောမြစ်ထဲရှိ စစ်‌ကောင်စီ၏ ဇက်‌ရေယာဉ်တစ်စီးက ဇီးချိုမော်‌‌ကျေးရွာဘက်သို့ လက်နက်ကြီး၊ ငယ်များဖြင့် အဆက်မပြတ်ရမ်းကားပစ်ခတ်ခဲ့ကြောင်း၊ ယမန်နေ့ည (၁၀:၀၀) နာရီအချိန်ခန့်ကလည်း စစ်ကောင်စီ၏ ဇက်ရေယာဉ်တစ်စီးသည် မြင့်ဂါ‌‌ကျေးရွာ၊ တောင်ဦးမော်‌‌ကျေးရွာနှင့် ပြားသူကြွယ်ကျေးရွာ များဘက်သို့ လက်နက်ကြီးဖြင့် ၇ ကြိမ် ရမ်းကားပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ယင်းအပြင် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ရက္ခိုင်ပြည်၊ မြောက်ဦးမြို့အပြင်ဘက်သို့ စစ်ကြောင်း လှုပ်ရှားလာသည့် မြောက်ဦးအခြေစိုက် “ရဲတပ်ရင်း (၃၁)” က စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရက္ခိုင့်တပ်တော် (AA) တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲဖြစ်ပွားရာနေရာသို့ ၎င်းတပ်ရင်းမှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ကူခဲ့ကြောင်း၊ ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီသည် စစ်ရေးနှင့် သက်ဆိုင်ခြင်းမရှိ သော အပြစ်မဲ့ဒေသ ပြည်သူ ၂ ဦးကို လူသားဒိုင်းကာအဖြစ် ခေါ်ဆောင်သွားခဲ့ကြောင်း ၊ အဆိုပါ ၂ ဦးကို မြောက်ဦးအခြေစိုက် ၅၄၀ တပ်ရင်း၌ ယခုအချိန်အထိ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်၍ ယမန်နေ့ နံနက်ပိုင်းမှစ၍ ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့အတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးခန့်သည် စစ်ကားကြီး၊ ငယ်များဖြင့် စစ်ရေးလှုပ်ရှားမှုများရှိခဲ့ကြောင်း ၊ ယမန်နေ့ နံနက် ၈ နာရီ အချိန်ခန့်ကလည်း ကျောက်ဖြူမြို့၊ ပြင်ဖြူမော်ရပ်ကွက်ရှိ ပင်လယ်ကမ်းစပ်အနီး၌ ငါးဖမ်းပိုက်ချနေကြသည့် ရေလုပ်သား ၆ ဦးကို ၎င်းရပ်ကွက်အတွင်း လုံခြုံရေးယူထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက ငါးဖမ်းပိုက်များကို သိမ်းဆည်းခဲ့ကြောင်း၊ သိမ်းဆည်းထားသော ငါးဖမ်းပိုက်ကွန် ၁ ခုကို အမဲသား ၁ ပိဿာဖြင့် လာရောက်ရွေးယူစေပြီး ပြည်သူ့ချွေးနှဲစာအား လက်နက်ဖြင့် ခြိမ်းခြောက်အနိုင်ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့၊ နံနက် ၇ အချိန်ခန့်ကလည်း ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ ဂုံးချွိန်ကျေးရွာမှ စျေးရောင်းချနေသူ ဒေသခံ ၆ ဦး၊ ကျောက်တလုံးကယ်ဆယ်ရေးစခန်းမှ စျေးရောင်းချနေသူ ၁၃ ဦးတို့ကို မြို့ထဲသို့ ဟင်းသီးဟင်းရွက်ရောင်းချရန် လမ်းခုလတ်ဖြစ်သော ကျောက်ဖြူလေယာဉ်ကွင်းအဆုံး၌ လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၂၀ ခန့်က ခလရ (၃၄) တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့၊ နံနက် ၁၁ နာရီ ၃၀ မိနစ် အချိန်၌ ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ သံချောင်း တိုက်နယ်၊ သရက်ချောင်း‌‌ကျေးရွာမှ အသက် ၃၇ နှစ်အရွယ် ဒေသခံအမျိုးသား ၁ ဦးမှာ ကျမ္မာရေး မကောင်းသဖြင့် တစ်ရွာတည်းနေ (၁၉) နှစ်အရွယ် ဒေသခံ (၁) ဦးအား အဖော်ခေါ်၍ ရမ်းဗြဲမြို့ပေါ်သို့ ဆေးခန်းသွားပြပြီး ပြန်အလာတွင် ရမ်းဗြဲ၊ သိမ်တောင်ဘုရားတွင် စခန်းချတပ်စွဲထား သော “အမှတ် (၃၈) ခြေလျင်တပ်ရင်း” က ‘သိမ်တောင်စခန်း” သို့ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ ရေတပ် စစ်သင်္ဘောများက စစ်ရေးလေ့ကျင့် ပစ်ခတ်မှု။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article