ဒီပဲယင်းနှင့် ရေဦး နယ်စပ်ရှိ ကျေးရွာများကို စစ်တပ်က မီးရှို့ပြီး စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၃ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ
ရန်ကုန်၊ ဒီဇင်ဘာ ၁၈
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်နှင့် ရေဦးမြို့နယ် အစပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က မီးရှို့ပြီး စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၃ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၇ ရက်နေ့က စတင်ကာ ရေဦးမြို့နယ်အတွင်း ရောက်ရှိနေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဒီပဲယင်းနှင့် ရေဦး မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး အောင်ချမ်းသာရွာနှင့် ပင်စီရွာတို့ကို မီးရှို့ဖျက်ဆီးပြီးနောက် ယနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ခွန်တောင်းရွာကို ဆက်လက် မီးရှို့ဖျက်ဆီးပြီး လက်ရှိချိန်တွင် အကြမ်းဖက် စစ်ပီး အခုလက်ရှိ ပုဂံရွာကို ဝင်ရောက် စီးနင်းပြီး တပ်စွဲထားကြောင်း သိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်၏ စစ်ကြောင်းထိုး မီးရှို့ ဖျက်ဆီးမှုကြောင့် ဒီပဲယင်းနှင့် ရေဦး နယ်စပ်ရှိ ပျော်ဘွယ်၊ အောင်ချမ်းသာ၊ ရွာရှည်၊ ပင်စီ၊ ခွန်တောင်း၊ ပုဂံ၊ လက်တီး၊ ယင်းတွေ၊ တနယ်၊ ဆင်ရောက်ကုန်း၊ ပေါက်တော၊ နှောပင်နှင့် နှဘဲလှ စသည့် ကျေးရွာ ၁၃ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။
“စစ်ခွေး စစ်ကြောင်းက မနေ့ညက ပင်စီရွာမှာ တပ်စွဲပြီး ဒီနေ့မနက် ခွန်တောင်းရွာကို ဆက်ဝင် မီးထပ်ရှို့တယ်။ ခွန်တောင်းရွာကို မီးရှို့ပြီး အခုလက်ရှိ ပုဂံရွာကို ထပ်ဝင် တပ်စွဲထားတယ်။ ဒီနေ့ မနက် ၇ ရွာ လောက် ထပ်ပြေးရတယ်။ အားလုံးပေါင်းပြေးနေရတာ ၁၃ ရွာရှိသွားပြီ နေအိမ် ပျက်စီးမှု အရေအတွက်တော့ လတ်တလောစစ်ကြောင်းနဲ့ နီးနေတာမို့ မသိရသေးဘူး” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ပြောဆိုသည်။