29 C
Yangon

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီက စစ်ကူမပေးနိုင်တော့သဖြင့် စစ်သားများ အသက်မသေလိုပါက ပြည်သူ့ရင်ခွင် ဝင်ကြရန် ညီနောင် မဟာမိတ် ၃ ဖွဲ့ တိုက်တွန်း

Must read

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီက စစ်ကူမပေးနိုင်တော့သဖြင့် စစ်သားများ အသက်မသေလိုပါက ပြည်သူ့ရင်ခွင် ဝင်ကြရန် ညီနောင် မဟာမိတ် ၃ ဖွဲ့ တိုက်တွန်း

■ “ငါမသေငါ့စခန်းမကျစေရ” ဆောင်ပုဒ်သည် သမိုင်းတွင် ကျန်ရစ်ခဲ့ပြီး ” ငါ့အသက်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ဘယ်အချိန်လာယူမလဲ” ဟု ဆောင်ပုဒ် ပြောင်းလဲနေပြီဟု စစ်ကောင်စီတပ်သားများကို သတိပေး

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီက စစ်ကူမပေးနိုင်တော့သဖြင့် စစ်သားများ အသက်မသေလိုပါက ပြည်သူ့ရင်ခွင် ဝင်ကြရန် ညီနောင် မဟာမိတ် ၃ ဖွဲ့က တိုက်တွန်းပြောဆို ထုတ်ပြန်သည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့၊ နံနက် ၉ နာရီ ၅၅ မိနစ် အချိန် နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ၏ “စခန်းသစ်ကုန်း” ကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် တအာင်းတပ်မတော် (TNLA) က ထပ်မံ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီသည် စခန်းတစ်ခုပြီး တစ်ခု လက်လွတ်ဆုံးရှုံးနေရသည့်အတွက် ကျန်ရှိနေသေးသော ၎င်း၏စခန်းများအား ဆက်လက် အကျမခံ နိုင်ရေးကိုသာ အဓိကထားပြီး ခုခံကာကွယ်လျက်ရှိကြောင်း၊ မြန်မာတပ့်မတော်၏ “ငါမသေငါ့စခန်းမကျစေရ” ဆောင်ပုဒ်သည် သမိုင်းတွင်ကျန်ရစ်ကာ” ငါ့အသက်ကို ညီနောင်မဟာမိတ်(၃) ဖွဲ့က ဘယ်အချိန်လာယူမလဲ” ဆိုသော စိုးရိမ်ပူပန်မှုများနှင့်အတူ ခုခံစစ်ကို မည်သည့် စစ်ကူမျှမပါဘဲ ရင်ဆိုင်နေရသည်မှာ အားလုံးအသိပင်ဖြစ်သည်။ ထို့ကြောင့် မြန်မာ့တပ်မတော်သားများ အနေဖြင့် အသက်မသေလိုပါက ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံး ဝင်ရောက်ခိုလှုံကြရန် ညီနောင် မဟာမိတ် ၃ ဖွဲ့က ထပ်မံ တိုက်တွန်းသည်။

ထို့ပြင် “အသက်ကိုဉာဏ်စောင့်” ဆိုသည်ကိုလည်း စေတနာဖြင့် အသိပေးလိုကြောင်း၊ ညီနောင်မဟာမိတ် ၃ ဖွဲ့၏ စစ်ဆင်ရေး၏ ရက်ပေါင်းငါးဆယ်ကျော်ကြာ တိုက်ပွဲများအတွင်း စစ်ကောင်စီသည် တိုက်ပွဲအများစု တွင် စစ်ကူမပေးနိုင်တော့သည်ကို အတိုင်းသား တွေ့မြင်ခဲ့ရပြီ ဖြစ်ကြောင်း၊ ညီနောင် မဟာမိတ် ၃ ဖွဲ့က ဆိုသည်။

တိုက်ပွဲများအနေဖြင့် နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ၏ “စခန်းသစ်ကုန်း” သိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာဖြင့် ၁၈ ကြိမ်နှင့် ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီ၏ “နမ့်ဖတ်ကာတပ်စခန်း” မှလည်း လက်နက်ကြီးဖြင့် ၁၂ ကြိမ် တိုင်အောင် လေကြောင်း၊ လက်နက်ကြီးပစ်ကူအမြောက်အမြားဖြင့် ပြန်လည်ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ၊ ဒီဇင်ဘာလ ၁၇ ရက်နေ့၊ မွန်းလွဲ ၂ နာရီ ၃၅ မိနစ် အချိန် ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီ၏ “နမ့်ဖတ်ကာတပ်စခန်း” နှင့် “ကွတ်ခိုင်တပ်စခန်း” တို့ကိုလည်း စစ်ရေးလိုအပ်ချက်အရ တအာင်းတပ်မတော် (TNLA) က တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီက ကွတ်ခိုင်မြို့နယ်ရှိ “နမ့်ဖတ်ကာ တပ်စခန်း” နှင့် မူဆယ်မြို့နယ်အခြေစိုက် “တပ်စခန်း” ၂ ခုတို့ကို Mi 17 လေယာဉ်ဖြင့် လေကြောင်းမှ စစ်အင်အား၊ ရိက္ခာဖြည့်တင်းခြင်းတို့ကို ၂ ကြိမ်တိုင်တိုင် ပြုလုပ်ခဲကြောင်း သိရှိရသည်။

အလားတူ ဒီဇင်ဘာလ ၁၇ ရက်နေ့တစ်ရက်တည်းတွင် မန်တုံမြို့ရှိ စစ်ကောင်စီ ၏ “ခလရ ၁၃၀ တပ်စခန်း” က မန်တုံမြို့ကို လက်နက်ကြီးဖြင့် ၁၃ ကြိမ်၊ ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီ တပ်က အေးရှားဝေါဂိတ်အနီးတဝိုက်သို့ လက်နက်ကြီးဖြင့် ၅ ကြိမ်၊ လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ၏ “၆၈ ဂိတ်တပ်စခန်း” က ၁၀ မိုင်ကုန်းနှင့် အီနိုင်းကျေးရွာတို့အား လက်နက်ကြီးဖြင့် ၁၇ ကြိမ်တိုင်တိုင် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- နမ့်ဆန်တွင် ဖမ်းဆီးခံထားရသည့် စစ်သုံ့ပန်း စစ်သားနှင့်ရဲများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article