ကောလင်းမြို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား နေသူ ၅ ဦးကို ကာကွယ်ရေး တပ်ဖွဲ့များ ဖမ်းဆီး ထိန်းသိမ်း
ရန်ကုန်၊ ဒီဇင်ဘာ ၁၈
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား နေသူ ၅ ဦးကို ကာကွယ်ရေး တပ်ဖွဲ့များ ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) က ထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ ၆ ရက်နေ့တွင် ကောလင်းမြို့နယ် ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ၊ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပ.လ.ဖ) နှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) တို့ပူးပေါင်းကာ ကောလင်းမြို့ပေါ်ရှိ မူးယစ်ဆေးနှင့် ဆက်စပ်ပစ္စည်းများ ၊ကွင်းဆက် တရားခံများကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ဖမ်းဆီး ထိန်းသိမ်းခဲ့သော မူးယစ် ဆေးဝါး ဆက်စပ်ပစ္စည်းများနှင့်ကွင်းဆက်တရားခံများမှာ ကောလင်းမြို့ မြောက်အင်းရပ်ကွက်နေ ဝတုတ် ကုန်မာဆိုင် မိသားစုမှ ဦးရဲရင့်အောင်၊ ဒေါ် မြစန်းဌေး ဖြစ်ပြီး ၎င်း တို့ထံမှ ဘိန်းဖြူ ဆပ်ပြာခွက် – ၁၅၅ ခွက် ၊ ရာမ (အပြား၁၅၀ခန့်ပါ) – ၁၆၇ ထုပ် ၊ ဘိန်းမဲ ၅၀ ကျပ်သားခန့် – ၁ ထုပ်၊ ဘိန်းမဲ ၂၅ ကျပ်သားခန့် – ၁ ထုပ် ၊ လက်စွပ်ကြီးသေး – ၃ ကွင်း၊ ဆွဲကြိုး – ၃ ကုံး ၊ လက်ကောက်သေး – ၁ ကွင်း ၊ ဆံထိုး – ၁ ခု ၊ ပီချူးရုပ် – ၁ ခု(ရွှေဟုယူဆရ)၊ ငွေစက္ကူ – ၂၈၈၂၅၀၀၀ ကျပ်တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
အလားတူ ဆည်တိုကျေးရွာမှ မောင်ငဗျော် ဆိုသူထံမှ ဘိန်းဖြူ ဆပ်ပြာခွက် – ၁၁ ခွက် ၊ ကောလင်းမြို့ ၊ သုဝဏ္ဏရပ်ကွက်တွင် နေထိုင်သူ ဦးဝင်းမြင့် ထံမှ ဘိန်းဖြူ ဆပ်ပြာခွက် – ၈ ခွက် ၊ Grand အရက် ချိုးပုလင်း (ဘိန်းဖြူထည့်ထားသော) – ၁ ပုလင်း ၊ အုန်းဆီဘူး(အရွယ်အစား) – ၁ ဘူး ၊ ငွေစက္ကူ – ၂၀၀၀၀၀၀ ကျပ် ၊ နားဆွဲ(ရွှေဟုယူဆရ) – ၃ ခု ၊ TECNO ဖုန်း – ၁ လုံး ၊ ပန်းရောင်အိတ်- ၁ လုံး၊ ကောလင်းမြို့ မြို့ကုန်း/မြို့မ ရပ်ကွက်နေ ဦးစည်သူလွင်(ခ) အီတူး ထံမှ ဘိန်းဖြူ (ဒိန်ချဥ်ဘူးသေးအရွယ်) – ၁ဘူး၊ ငွေစက္ကူ – ၁၅၀၃၅၀ ကျပ် တို့ကို သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။