ကျောက်မဲနှင့် နမ့်ဆန်တို့တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူများထိခိုက်သေဆုံး၊ ကွတ်ခိုင်နှင့်နမ့်ခမ်းတွင် တိုက်ပွဲပြင်းထန်
ရန်ကုန်၊ ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲနှင့် နမ့်ဆန်မြို့တို့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုတို့ကြောင့် ပြည်သူများထိခိုက်သေဆုံးမှုများဖြစ်ပွားပြီး ကွတ်ခိုင်နှင့် နမ့်ခမ်းတွင် တိုက်ပွဲပြင်းထန်နေကြောင်း TNLA က သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန် နမ့်ဆန်မြိုတွင် စစ်ကောင်စီတပ်က လေယာဥ်ဖြင့်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နမ့်ဆန်မြို ပြည်သူ့ဆေးရုံးအရှေ့လမ်းမကြီးပေါ်တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး မန်လုံးရွာဒေသခံ ၁ ဦး၊ ဇယ်ဘန်ကောက်ရွာ ဒေသခံ ၃ ဦးတို ပွဲချင်းပြီးသေဆုံးသွားကြောင်း ၊ မန်တုံမြို စစ်ကောင်စီ ခလရ-၁၃၀ တပ်စခန်းက မန်တုံမြိုနယ် လွယ်ကန်ကျေးရွာ၊ ဆွယ်ဟိန်း Company လက်ဖက်စက်ရုံကုန်း၊ ဒုက္ခသည်စခန်းနှင့် ပန်နင်ကျေးရွာလမ်းခွဲသို လက်နက်ကြီးဖြင့် (၃၆)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ကျောက်မဲမြိုနယ်ရှိ စစ်ကောင်စီတပ်က ဟူးကွက်ကျေးရွာသို့ လက်နက်ကြီးဖြင့် ၅ ကြိမ်၊ လေယာဥ်ဖြင့် ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဟူးကွက်ကျေးရွာဒေသခံ ၂ ဦးသေဆုံးပြီး၊ လူနေအိမ် ၂၀ လုံး ထိမှန် ပျက်စီးခဲ့ရကြောင်း၊
ကွတ်ခိုင်မြို့ စစ်ကောင်စီ နမ့်ဖတ်ကာတပ်စခန်းမှ တိုက်ပွဲဖြစ်ပွားရာ နမ့်ခမ်းသို လက်နက်ကြီးဖြင့် (၃)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
မန်တုံမြို့၊ စစ်ကောင်စီ ခလရ-၁၃၀ တပ်စခန်းက နမ့်ဆန်မြို့နယ်သို လက်နက်ကြီးဖြင့် (၂)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ မန်တုံမြို့အတွင်း စစ်ကောင်စီတပ်က Jet Fighter ဖြင့် ၇ ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ဒီဇင်ဘာ ၁၈ရက်နေ့တွင် စစ်ကောင်စီတပ်က ထောက်ပို့ယာဥ်ဖြင့် စစ်ကောင်စီ နမ့်ခမ်း စခန်းသစ်ကုန်းတွင် ၁ ကြိမ်၊ နမ့်ဖတ်ကာစခန်းတွင် ၁ ကြိမ်၊ ကွတ်ခိုင်စခန်းတွင် ၁ ကြိမ်၊ နမ္မတူစခန်းတွင် ၁ ကြိမ် လက်နက်ခဲယမ်းများ ပစ်ချခဲ့ကြောင်း သိရှိရသည်။
တိုက်ပွဲများအနေဖြင့် ကွတ်ခိုင်မြို့နယ် စစ်ကောင်စီ ကွတ်ခိုင်တပ်စခန်းတွင် ယနေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ် အချိန်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ စခန်းသစ်ကုန်းတွင် ယနေ့ နံနက် ၈ နာရီ ၅၅ မိနစ် အချိန်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။