25 C
Yangon

လောက်ကိုင်မြို့နယ်၊ ရန်လုံကျိုင်း နယ်စပ်ဂိတ်ကို MNDAA က အလံလွှင့်ထူ သိမ်းပိုက်၊ စစ်သားနှင့်ပြည်သူ့စစ် ရာပေါင်းများစွာ လက်နက်ချ အလင်းဝင်ပြီး MNDAA က ငွေများချီးမြှင့်ကာ လွတ်ငြိမ်းချမ်းသာခွင့်ပေး

Must read

လောက်ကိုင်မြို့နယ်၊ ရန်လုံကျိုင်း နယ်စပ်ဂိတ်ကို MNDAA က အလံလွှင့်ထူ သိမ်းပိုက်၊ စစ်သားနှင့်ပြည်သူ့စစ် ရာပေါင်းများစွာ လက်နက်ချ အလင်းဝင်ပြီး MNDAA က ငွေများချီးမြှင့်ကာ လွတ်ငြိမ်းချမ်းသာခွင့်ပေး

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်၊ ရန်လုံကျိုင်းနယ်စပ်ဂိတ်ကို ကိုးကန့် MNDAA က သေနတ်တစ်ချက်ဖောက်ခြင်းမရှိဘဲ သိမ်းပိုက်လိုက်ပြီး ကိုးကန့်အလံလွှင့်တင်ထားကြောင်း တရုတ်-မြန်မာ နယ်စပ်သတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် လောက်ကိုင်မြို့နယ်၊ ရန်လုံကျိုင်းနယ်စပ်ဂိတ်တွင် ကိုးကန့် အလံ လွှင့်ထူထားသည်ကို မြင်တွေ့ရပြီး တိုက်ပွဲဖြစ်ပွားသည့် အသံမကြားခဲ့ရကြောင်း၊ ရန်လုံကျိုင်းဂိတ်တွင် MNDAA တပ်သားများ စောင့်ကြပ်နေသည်ကို မြင်တွေ့ရကြောင်း တရုတ်-မြန်မာနယ်စပ် သတင်းရင်းမြစ်က ပြောဆိုသည်။

“ရန်လုံကျိုင်းဂိတ်က ပုံမှန်ဆိုရင် ဟိုဘက်-ဒီဘက် ကူးသန်းနေတဲ့ ဂိတ်ပါ။ အခု ကျနော်တို့ မြင်ရတာ ကိုးကန့် အလံမြင်ရတယ်။ ကိုးကန့် စစ်သားတွေလည်း‌ မြင်ရတယ်။ ဂိတ်ကို သိမ်းလိုက်ပြီလို့ ပြောလို့ရတယ်။ ပြည်သူ့စစ်နဲ့ စစ်တပ်က တော့ မတွေ့တော့ဘူး” ဟု တရုတ်-မြန်မာနယ်စပ်

သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့ပြင် MNDAA က စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်သားများကို စုပုံထားပြီး ဆုကြေးငွေများ ချီးမြှင့်နေသည့် ဗီဒီယိုဖိုင်မှာလည်း လူမှုကွန်ရက်များတွင် ပြန့်နှံ့လာပြီး ယင်းဗီဒီယိုနှင့်ပတ်သက်၍ MNDAA ၏ ပြောခွင့်ရ လီကျားဝင်းထံ ဆက်သွယ်မေးမြန်းသော်လည်း တစ်စုံတစ်ရာ တုံ့ပြန်ဖြေဆိုခြင်းမပြုပေ။

သို့ရာတွင် MNDAA နှင့် နီးစပ်သော PDF သတင်းရင်းမြစ်များထံ ဆက်သွယ်မေးမြန်းရာ လောက်ကိုင်မြို့ထဲရှိ ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်သားများ လက်နက်ချ အလင်းဝင်သည်ဟု ကြားသိရကြောင်း၊ ၎င်းတို့ကို ရန်လုံကျိုင်းဂိတ်မှတစ်ဆင့် လမ်းစရိတ်နှင့်ဆုကြေးများ ချီးမြှင့်ပြီး သွားလိုရာ သွားခိုင်းသည်ဟု ကြားသိရကြောင်း ၊ သို့ရာတွင် MNDAA ဘက်မှ လက်နက်ချသည့် စစ်သားအရေအတွက်နှင့် ရာထူးအဆင့်အတန်းများကို ထုတ်ပြန်လာမှသာ အတည်ပြုနိုင်မည့် အခြေအနေရှိကြောင်း ပြောဆိုသည်။

“ကြားသလောက်တော့ MNDAA က လောက်ကိုင် မြို့ထဲကို ဝင်နေပြီ။ လောက်ကိုင်ထဲမှာ စစ်ကောင်စီရဲ့ ဒကစ တစ်ခုပဲ ကျန်တော့တာ။ ကျန်တဲ့ စစ်သားတွေ၊ ပြည်သူ့စစ်တွေ လက်နက်ချကုန်ပြီလို့ သိရတယ်။ အရေအတွက်နဲ့ပြောရင် ရာချီပြီး လက်နက်ချပြီလို့ သိရတယ်။ ဒါပေမယ့် ကြားတာကို ပြန်ပြောပေးတာပါ။ တကယ်တမ်း လက်နက်ချတဲ့ အရေအတွက်နဲ့ ဘယ်အဆင့်တွေပါတယ်ဆိုတာက အတည်ပြုနိုင်မှာက MNDAA ကပဲ အတည်ပြုနိုင်ပါလိမ့်မယ်” ဟု MNDAA နှင့် နီးစပ်မှုရှိသည့် PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

တရုတ်-မြန်မာနယ်စပ်သတင်းရင်းမြစ်များ၏ အဆိုအရ MNDAA တပ်များအားလုံးက လောက်ကိုင်မြို့ကို ၀ိုင်းထားပြီးဖြစ်သည့်အပြင် လောက်ကိုင်မြို့အထဲပါ ထိုးဖောက်ဝင်ရောက်ထားပြီးဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article