နမ့်ခမ်းမြို့နယ်၊ စစ်ကောင်စီ၏ စခန်းသစ်ကုန်း စခန်းကို TNLA က အပြီး သိမ်းပိုက်ရရှိ
ရန်ကုန်၊ ဒီဇင်ဘာ ၁၉
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ စစ်ကောင်စီ၏ စခန်းသစ်ကုန်းစခန်းကို TNLA က အပြီး တိုက်ခိုက်သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း TNLA ၏ ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။
ဒီဇင်ဘာလ ၁၈ ရက်နေ့ ညပိုင်းကတည်းက အဆိုပါ စခန်းသစ်ကုန်းစခန်းကို သိမ်းပိုက်ရရှိခြင်းဖြစ်ပြီး TNLA နယ်မြေရှင်းလင်းရေးများ၊ အရှင်ဖမ်းမိသူများနှင့် ဒဏ်ရာရသူများကို စိစစ်ခြင်း၊ ဆေးကုသရန် လိုအပ်သူများကို ဆေးကုပေးရန် လုပ်ဆောင်ခြင်း၊ လက်နက်ခဲယမ်းများ စိစစ်ခြင်း အပါအဝင် စိစစ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း၊ စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ခတ်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ ရှိ နေခြင်းတို့ကြောင့် သတိထား ဆောင်ရွက်နေရကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက နမ့်ခမ်း စစ်ကောင်စီ၏ စခန်းသစ်ကုန်း စခန်းကို TNLA က သိမ်းပိုက်ရရှိမှုကို တရားဝင် အတည်ပြုနိုင်ရေး TNLA ပြန်ကြားရေးဌာနထံသို့ ဆက်သွယ်ရာ လတ်တလော အခြေအနေ မသိရှိရသေးကြောင်း၊ လေကြောင်းတိုက်ခိုက်မှုများ ရှိနေကြောင်း ပြောဆိုသည်။
“သတင်းတော့ ဝင်မလာသေးဘူး၊ တိုက်ပွဲက မနေ့ညက အထိတော့ ဖြစ်တယ်၊ စစ်ကောင်စီဘက် က ရဟတ်ယာဉ်၊ဂျက်လေယာဉ် Mi 35 တွေသုံးပြီးတော့ လာရောက်ဗုံးကျဲတိုက်ခိုက်တာတွေလည်း ရှိတယ်၊ ဒီမနက်အခြေအနေကတော့ ဘာမှ မသိရသေးဘူး” ဟု PSLF သတင်း နှင့်ပြန်ကြားရေး တာဝန်ခံ ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။