ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာ ၄ ရွာမှ ပြည်သူပိုင် ပစ္စည်းများကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၇ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ
ရန်ကုန်၊ ဒီဇင်ဘာ ၁၉
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာ ၄ ရွာမှ ပြည်သူပိုင် ပစ္စည်းများကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၇ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ခံ ကိုကြီးဖြိုးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၆ ရက်နေ့က စတင်ကာ ဒီပဲယင်းမြို့နယ်အတွင်း ဝင်ရောက်လာပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မစိုးရိမ်ကျေးရွာရှိ ဆီဆိုင် အဟောင်း ၂ ခုကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် အောင်ချမ်းသာကျေးရွာကို ဝင်ရောက် စီးနင်းပြီး စစ်ဘေးရှောင်ရန် ပြင်ဆင်ထားသည့် ကား ၁ စီးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၁ ဦး၏ စပါးရောင်းရငွေနှင့် ရွှေတိုရွှေစများကို ခိုးယူသွားကြောင်း၊ ယင်းနေ့ ညနေ ၆ နာရီခန့်တွင် အောင်ချမ်းသာရွာမှ ပင်စည်ကျေးရွာကိုဝင်ရောက်ပြီး ထပ်မံ မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ခွင့်တောင်းကျေးရွာနှင့် ပုဂံကျေးရွာကို ဆက်လက် စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့ပြီး ယနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ပုဂံကျေးရွာမှ ယင်းတွေကျေးရွာဘက်ကို ဆက်လက်ဝင်ရောက်သွားကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် ဒီပဲယင်းမြို့နယ်အတွင်းရှိ မုတ်စီ၊ ငြုတ်တုံ၊ ညောင်လှမူးဆုံ၊ ပျော်ဘွယ်၊ မစိုးရိမ်၊ ကံပြား၊ အောင်ချမ်းသာ၊ ပင်စည်၊ ခွင့်တောင်း၊ ပုဂံ၊ လက်တီး၊ ယင်းတွေ၊ ငြိမ်းချမ်းရွာသစ်၊ မဲသည်၊ ဝပါ၊ မှန်သာနှင့် အင်းတန်း စသည့် ကျေးရွာများမှ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
” စစ်ရှောင်အင်အားက ၁၀၀၀၀ ကျော်သွားပြီ မြေပြင် အကူညီ လိုအပ်မှု အခြေအနေကြည့်ပြီး ကူညီဖို့ ပြင်ဆင်ထားပါတယ်ခ။ အချို့ စစ်ရှောင်ဌာနတွေမှာ ၄ ရက်တာ ချက်ပြုတ် ကျွေးနေရတာမို့ အကူညီလိုအပ်မှုရှိပါတယ်” ဟု ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ခံ ကိုကြီးဖြိုးကပြောဆိုသည်။