တောင်ငူမြို့၊ ကျောင်းကုန်းရွာကို စစ်တပ်က ၄၀ မမ ဖြင့် ပစ်ခတ်မှု ဘုန်းကြီး ၁ ပါး ထိခိုက်ဒဏ်ရာရ၊ စစ်တပ်က ပြည်သူများကို ဘုန်းကြီးကျောင်း၌ လူစုခိုင်းပြီး ရွာထဲရှိ ရွှေ၊ ငွေနှင့် စားသောက်ကုန် ပစ္စည်းများ ခိုးယူသွား
ရန်ကုန်၊ ဒီဇင်ဘာ ၁၉
ပဲခူးတိုင်း၊ တောင်ငူမြို့၊ ကျောင်းကုန်းရွာကို အကြမ်းဖက် စစ်တပ်က ၄၀ မမ ဖြင့် ပစ်ခတ်ခြင်းကြောင့် ဘုန်းကြီး ၁ ပါး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်ခန့်တွင် ကျောင်းကုန်းရွာ အနီးကို အင်အား ၅၀ ခန့်ဖြင့် စစ်ကြောင်း ထိုးလာသော စစ်သားများကို တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း ၃၅၀၁ တပ်ခွဲ ၁ ရဲဘော်များက စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁ ဦး သေဆုံးသွားပြီးနောက် စစ်တပ်က ကျောင်းကုန်းရွာ ဘုန်းကြီးကျောင်းကို ၄၀ မမ ဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းထိုင် ဘုန်းကြီး ဘဒ္ဒန္တဦးခေမာစာရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
အကြမ်းဖက် စစ်တပ်က ၄၀ မမ ဖြင့် ကျောင်းကုန်းရွာကို ပစ်ခတ်ပြီးနောက် ဝင်ရောက်စီးနင်းကာ ကျေးရွာနေ ပြည်သူများကို ဘုန်းကြီးကျောင်းထဲ၌ လူစုခိုင်းပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် ရွှေ၊ ငွေနှင့် စားသောက်ကုန် ပစ္စည်းများကို ခိုးယူသွားကာ လက်ရှိချိန်ထိ ကျေးရွာဘုန်းကြီးကျောင်း၌ တပ်စွဲထားကြောင်း သိရှိရသည်။
“တောင်ငူမြို့ ကျောင်းကုန်းကျေးရွာမှာ တိုက်ပွဲဖြစ်ပြီး စစ်တပ်က ၄၀ မမ ဗုံးသီးနဲ့ ပစ်လို့ ကျောင်းကုန်းဘုန်းကြီး ထိခိုက်ဒဏ်ရာရတယ်။ ရွာသားတွေကို ဘုန်းကြီးကျောင်းထဲစုခိုင်းပြီး ကျောင်းကုန်းရွာမှာရှိတဲ့ ဆန်၊ ဆီ၊ စားသောက်ကုန် အကုန်လုံး ရွှေ ၊ ငွေ တွေလည်း ခိုးယူသွားတယ်။ စစ်တပ်က ဘုန်းကြီးကျောင်းထဲမှာ တပ်စွဲထားတုန်း” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။