27 C
Yangon

ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာ ၄ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀ လုံးကျော်၊ စပါးတင်း ၅၀၀ ကျော်နှင့် ကား ၂ စီး မီးလောင် ပြာကျ

Must read

ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာ ၄ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀ လုံးကျော်၊ စပါးတင်း ၅၀၀ ကျော်နှင့် ကား ၂ စီး မီးလောင် ပြာကျ

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာ ၄ ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀ လုံးကျော်၊ စပါးတင်း ၅၀၀ ကျော်နှင့် ကား ၂ စီး မီးလောင် ပြာကျခဲ့ကြောင်း ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာ ၁၆ ရက်နေ့က စတင်ကာ ရေဦးမြို့နယ်မှ ထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မုတ်ဆီ၊ မူးဆုံ၊ မစိုးရိမ်‌ကျေးရွာများမှ တစ်ဆင့် ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာကာ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ပင်စည်၊ အောင်ချမ်းသာ၊ ခွန်တောင်း၊ ပုဂံ စသောကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ကာ ပြည်သူပိုင် နေအိမ် ၁၀ လုံးကျော်၊ စပါးတင် ၅၀၀ ကျော်၊ စပါးကျည်နှင့် ကား ၂ စီး မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဒီဇင်ဘာ ၁၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် အောင်ချမ်းသာရွာရှိ ကုန်တင်ကားကြီး ၁ စီး၊ ပင်စည်ရွာရှိ တိုက်အိမ် ၁ လုံးနှင့် ကားအသေး ၁ စီး၊ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ခွန်တောင်းရွာရှိ ထန်းရွက်တဲ ၂ လုံး၊ ပုဂံကျေးရွာရှိ မိသားစု ၁၀ စု၏ နေအိမ်များ၊ စပါးကျည်များနှင့် ရိတ်သိမ်းထားသော စပါးများ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

“လောလောဆယ်သိရတာက ပြည်သူ ၁၀ ဦးရဲ့ နေအိမ်တွေ စပါးကျည်တွေ ရိတ်သိမ်းထားတဲ့ စပါးတင်း ၅၀၀ ကျော်ပါသွားတယ်လို့သိရတယ်။ ခွန်တောင်းရွာက တဲ ၂ လုံးလည်း မီးရှို့သွားတယ်။ ၁၇ ရက်နေ့က ပင်စည်က တိုက်တစ်လုံး ကားသေးတစ်စီး၊ အောက်ချမ်းသာက ကားကြီးတစ်စီး မီးရှို့သွားတယ်လို့သိရတယ်”ဟု ဒီပဲယင်းမြို့နယ်- စစ်ရှောင်- ထောက်ပံ့ရေးအဖွဲ့မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က ပုဂံရွာကို ဝင်ရောက်မီးရှို့ ဖျက်ဆီးစဥ်၌ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ လုပ်ဆောင်သည့်ပုံစံဖြင့် စာများ ရေးသားခဲ့ကြောင်း သိရသည်။

” မီးရှို့တာလည်း စစ်တပ်ပဲ စာရေးတာလည်း စစ်တပ်ပဲ။ သူတို့ရှို့ပြီး PDF လုပ်တဲ့ ပုံစံရေးသွားတာ။ ရွာခံတစ်ဦးပုံစံနဲ့ ရေးသွားတာ စစ်ခွေးက။ အခုက တိုက်ပွဲလည်းမဖြစ်ဘဲ စစ်ကြောင်းပတ်ထိုးပြီး ရှို့သွားတာ”ဟု ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

ထိုသို့ အကြမ်းဖက် စစ်တပ်က ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများအတွင်း ဝင်ရောက် စစ်ကြောင်းထိုးနေမှုကြောင့် ပြည်သူများမှာ တိမ်းရှောင်နေရဆဲ ဖြစ်ပြီး ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့အ‌နေဖြင့် စစ်ရှောင်အခြေအနေပေါ်မူတည်ပြီး ကူညီထောက်ပံ့နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article