မင်းအောင်လှိုင်၊ စိုးဝင်း၊ ဇော်မင်းထွန်းတို့ ပုံများပါသည့် အိမ်သာစီး ဖိနပ်များကို နိုင်ငံတကာကိုယ်စားလှယ်များမှတစ်ဆင့် ဝယ်ယူနိုင်ရေး ဆောင်ရွက်နေပြီး လက်ရှိတွင် Pre-Order စနစ်ဖြင့် ရောင်းချ
■ ရရှိလာသည့် အကျိုးအမြတ်များကို စစ်ဘေးရှောင်နှင့်မြို့ပြ UG များထံသို့ ပံ့ပိုးမည်
ရန်ကုန်၊ ဒီဇင်ဘာ ၁၉
အကြမ်းဖက် မင်းအောင်လှိုင်၊ စိုးဝင်း၊ ဇော်မင်းထွန်းတို့ ဓာတ်ပုံများပါသည့် အိမ်သာစီး ဖိနပ်များကို နိုင်ငံတကာတွင် တိုက်ရိုက်ဝယ်ယူနိုင်ရေး ကိုယ်စား လှယ်များ ထားရှိမည်ဖြစ်ပြီး ရရှိလာသည့် အကျိုးအမြတ်များကို စစ်ဘေးရှောင်နှင့်မြို့ပြ UG များထံသို့ ထောက်ကူသွားမည်ဖြစ်ကြောင်း အဆိုပါ ဖိနပ်ကို ထုတ်လုပ်သူ ပြည်တော်ဝင်အဖွဲ့မှ တာဝန်ခံ ၀ှိုက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မင်းအောင်လှိုင်၊ စိုးဝင်းနှင့် ဇော်မင်းထွန်းတို့ ပုံများဖြင့် ပြုလုပ်ထားသော အိမ် သာစီး ဖိနပ်များကို တစ်ရန်လျှင် ထိုင်းဘတ်ငွေ ၄၀၀ ဖြင့် ရောင်းချပြီး ပထမဆုံးအကြိမ် Pre Order များကို ယခု ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ပိတ်မည်ဖြစ် ကြောင်း၊ ထို့ပြင် အဆိုပါ အိမ်သာစီးဖိနပ်များကို နိုင်ငံတကာတွင် ရောင်းချနိုင်ရေး ကိုယ်စားလှယ်များ ဖိတ်ခေါ်ထားပြီး မကြာမီ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ အမေရိကန်၊ ဗြိတိန်၊ ဂျပန်နိုင်ငံတို့တွင် တိုက်ရိုက် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ပြည်တော်ဝင်အဖွဲ့မှ တာဝန်ခံ၀ှိုက်က ရှင်းပြသည်။
“ဖိနပ်ရဲ့ နာမည်ကိုတော့ ပြည်တော်ဝင် အဖွဲ့သားတွေက ပေးထားတဲ့ နာမည်လေးကတော့ ပြည်သူ့ဖဝါးအောက် အာဏာရှင်ရောက်ရမယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ခြေနင်းဖိနပ်၊ အိမ်သာစီးဖိနပ် ပုံစံလေးနဲ့ ထုတ်ထားတာ။ ဖိနပ်က Pre Order ကို ၂၁ ရက်နေ့မှာ ပိတ်မှာပေါ့။ ပထမဆုံးအကြိမ် အဖြစ် ပိတ်မှာဆိုတော့ အရေ အတွက်တော့ ပြောပြလို့ မရသေးဘူး။ နောက်ပြီးတော့ တခြားနိုင်ငံ တခြားမြို့နယ်တွေမှာ ကိုယ်စားလှယ်တွေအနေနဲ့ ဖိတ်ခေါ်ထားတာရှိသေးတော့ ညီမတို့ လတ်တလောမှာ စင်ကာပူ၊ မလေး၊ ထိုင်း ၊ USA ၊ UK ဂျပန် အဲဒီနိုင်ငံတွေကနေပြီးတော့ အမှာတွေတော့ရှိတယ်။ အမှာတွေတော့ရှိပေမယ့် စင်ကာပူဆိုရင်လည်း စင်ကာပူ ကိုယ်စားလှယ်ရှိအောင်၊ မလေးဆိုရင်လည်း မလေးကိုယ်စားလှယ်ရှိအောင် USA ၊ UK ဂျပန် ကိုယ်စားလှယ်လေးတွေနဲ့ တစ်ချက်ဆွေးနွေးနေတာတွေရှိတယ်။ ဆွေးနွေးတာ Confirm ဖြစ်ပြီဆိုတော့မှ နိုင်ငံအလိုက် ဝယ်လို့ရပြီပေါ့။ ပြန်ပြီးတော့ ကြေညာပေးမှာပေါ့” ဟု တာဝန်ခံ၀ှိုက်က ရှင်းလင်းပြောဆိုသည်။
မင်းအောင်လှိုင်၊ စိုးဝင်းနှင့် ဇော်မင်းထွန်းတို့ပါဝင်သော အိမ်သာစီးဖိနပ်များကို ရောင်းချရသည့်အကျိုးအမြတ်များကို စစ်ဘေးရှောင်များနှင့် မြို့ပြ UG များကို ထောက်ကူသွားမည်ဖြစ်ကြောင်း၊ အိမ်သာစီး ဖိနပ် ဝယ်ယူလိုသူများ အနေဖြင့် https://www.facebook.com/profile.php?id=61554668184416 သို့ ဆက်သွယ်မှာယူနိုင်ကြောင်း ၎င်း၏ အဆိုအရ သိရှိရသည်။