နမ့်ခမ်းမြို့နယ်ရှိ စစ်တပ်က အခိုင်အမာ တပ်စွဲထားသော စခန်းသစ်ကုန်း အပါအဝင် တပ်စခန်းများကို TNLA က သိမ်းပိုက်ခဲ့ပြီး နမ့်ခမ်းမြို့ကို ထိန်းချုပ်ထား
■ စခန်းသစ်ကုန်း တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ဗိုလ်မှူးအဆင့် အပါအဝင် အလောင်းများစွာနှင့် လက်နက် ခဲယမ်း အများအပြား သိမ်းဆည်းရရှိ
ရန်ကုန်၊ ဒီဇင်ဘာ ၁၉
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ စစ်တပ်က အခိုင်အမာ တပ်စွဲထားသော စခန်းသစ်ကုန်း အပါအဝင် တပ်စခန်းများကို TNLA က သိမ်းပိုက်ခဲ့ပြီး နမ့်ခမ်းမြို့ကို ထိန်းချုပ်ထားကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနထံမှ သိရသည်။
ယနေ့ ဒီဇင်ဘာ ၁၉ ရက် နံနက် အစောပိုင်း ၁ နာရီ မိနစ် ၃၀ ခန့်က စစ်ကောင်စီ တအာင်းပြည်နယ် တပ်မဟာ ၁ စစ်ဒေသ၊ နမ့်ခမ်းမြိုရှိ စစ်ကောင်စီ စကခမှူးအခြေချ ကွပ်ကဲနေသည့် စခန်းသစ်ကုန်း အပါအဝင် တပ်စခန်းများဖြစ်သည့် ကံ့ကော်စခန်း၊ ၁၂မိုင်၊ ၁၃ မိုင်၊ မိုက်ခရိုဝိတ်စခန်း၊ ပန်ဆေး၊ တာကွန့် စခန်း၊ ဟဲယိုင်စခန်း၊ မိုင်းဝီးတပ်စခန်း၊ ထိန်ကန်တပ်စခန်း၊ မန်ပူးတပ်စခန်း၊ မန်ဝိန်တပ် စခန်း၊ ရဲစခန်းနှင့် စကစ ဌာနဆိုင်ရာရုံးများ အားလုံးကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းသည် အင်အား ၉၀၀ နီးပါးရှိသည့် စကခ-၇ နှင့် လက် အောက်ခံ တပ်ဖြစ်သည့် ခလရ-၂၆၁၊ ခမရ-၂၄၆၊ ၂၄၅ နှင့် ဒကစ တို့မှ လာရောက်ထိုး စစ်ဆင် စခန်းချသည့် တပ်စခန်းများဖြစ်ကြောင်း၊ နမ့်ခမ်းစခန်းသစ် တိုက်ပွဲကာလအတွင်း စစ်ကောင်စီ ဗိုလ်မှူးအဆင့်အပါအဝင် အလောင်းများစွာ နှင့် စစ်သုံပန့်အဖြစ် စစ်ကောင်စီတပ်ဝင် စုစုပေါင်း ၃ ဦး ဖမ်းဆီးရမိခဲ့ပြီးလက်နက်ခဲယမ်းများ၊ လက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံ နှင့် စစ်သုံးဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို နိုဝင်ဘာလ ၁၇ ရက်နေ့မှ စ၍ TNLA တပ်မတော်မှ ထိုး စစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့အထိ ရက်ပေါင်း ၃၁ ရက် အကြာ တိုက် ခိုက်ခဲ့ရကာ တအာင်းတပ်မတော် PSLF/TNLA စစ်သည်တော်များ ၄၉ ဦး မြင့်မြတ်စွာအသက်ပေး လှူခဲ့ရပြီး ၁၄၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နမ့်ခမ်းမြိုရှိ စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်ဘက်မှ Jet Fighter ဖြင့် အကြမ် ၂၆၀ ၊ Y8 လေယာဥ်ဖြင့် ၃၅ ကြိမ် ၊ Y12 လေယာဥ်ဖြင့် အကြိမ် ၄၀ နှင့် တိုက်ခိုက်ရေး ရဟတ်ယာဥ် Mi35 ဖြင့် ၂၅ ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ဖျက် အားပြင်း ပေါင် ၅၀၀ ဗုံး ၁၂ ကြိမ်နှင့် အဆိပ်ငွေ့ဗုံး ၆ လုံး အသုံးပြုကာ အကြမ်းဖက်စစ်ကောင်စီ တပ်က ခုခံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီ၏ မန်တပ်စခန်းမှ ၁၀၅/၁၂၀ ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် ၁၉၅ ကြိမ်နှင့် နမ့်ဖတ်ကာ တပ်စခန်းမှ ၁၀၅/၁၂၂/၁၅၅ ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် အကြိမ် ၃၀၀ ထက် မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့သို့ တိုက်ခိုက်မှုများကြောင့် ကလေး ၃ ဦးအပါအဝင် ၁၃ ဦး သေဆုံး၊ ၄၃ ဦး ဒဏ်ရာ ရရှိခဲ့ပြီး ဘာသာရေးအဆောက်အဦး ဘုရားကျောင်းကန်များ၊ ဆေးရုံနှင့် လူနေအိမ် အလုံး ၇၀ လက်နက်ကြီးနှင့် လေယာဥ်ဗုံးစ ထိမှန်ပျက်စီးကာ လူနေအိမ် ၂၄ လုံး မီး လောင်ပြာကျခဲ့ကြောင်း သိရသည်။
စခန်းသစ်ကုန်း မကျဆုံးစေရေးအတွက် စစ်ကောင်စီတပ်မှ ATR-42/72 လေယာဥ်ဖြင့် လက်နက် ခဲယမ်း နှင့် ရိက္ခာများ ၁၅ ကြိမ် ပစ်ချထောက်ပံ့ပေးခဲ့သည့်အပြင် ဒီဇင်ဘာ ၁၂ ရက်နေ့ကလည်း ထောက်ပိုယာဥ် Mi 17 ဖြင့် ၃ ကြိမ် စစ်ကူလူအင်အား ၁၀၀ နီးပါး ထပ်မံ ဖြည့်တင်းပေးခဲ့ကြောင်း သိရသည်။
ယနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် တအာင်းတပ်မတော် PSLF/TNLA က နမ့်ခမ်းမြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီး ဖြစ်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။