ချောင်းဦးမြို့နယ်၊ ညောင်ပင်တဲကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပကဖ အဖွဲ့ဝင် ၁ ဦးကို ပစ်သတ်၊ ကျေးရွာကို မီးရှို့ဖျက်ဆီးမှု ရွာလုံးကျွတ်နီးပါး ပြာကျ
ရန်ကုန်၊ ဒီဇင်ဘာ ၂၂
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ညောင်ပင်တဲကျေးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကို ပစ်သတ်ကာ ကျေးရွာကို မီးရှို့ဖျက်ဆီးသဖြင့် ရွာလုံးကျွတ်နီးပါး ပြာကျသွားကြောင်း ချောင်းဦးဆရာတော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ မိန့်ကြားသည်။
ဒီဇင်ဘာလ ၂၁ ရက်နေ့ နေ့လယ်ပိုင်းတွင် အကြမ်းဖက်စစ်တပ်က ချောင်းဦးမြို့နယ်၊ ညောင်ပင်တဲကျေးရွာကို ဝင်ရောက်စီးနင်းကြောင်း၊ ယင်းနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို ဦးခေါင်းတေ့၍ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း၊ယင်းနောက် ကျေးရွာကို မီးရှို့ဖျက်ဆီးရာ ကျေးရွာရှိ အိမ်ခြေ ၁၂၅ လုံး ပြာကျသွားကြောင်း သိရှိရသည်။
” ပကဖ အဖွဲ့ဝင် တစ်ဦးကို ခေါင်းတေ့ပြီး သေနတ်နဲ့ ပစ်သတ်တယ်။ ပြီးတော့ ကျေးရွာကို မီးရှို့တာမှာ အိမ်ခြေ ၁၂၅ လုံးပါသွားတာ။ တစ်ရွာလုံးနီးနီးပဲ။ အိမ်ခြေ ၄၀ လောက်ပဲ အကောင်းကျန်တယ်။ ကျွဲနွားတိရစ္ဆာန်တွေလည်းသေကြတာအများကြီးပဲ။ မီးထဲပါကုန်တာ။ စစ်တပ်က ရွာမှာ ရှိသမျှအကုန်ယူတာ။ စပါး၊ ဆန် ၊ မြေဆီ အကုန်ယူသွားတာ” ဟု ချောင်းဦး ဆရာတော်က မိန့်ကြားသည်။
ထို့ပြင် စစ်တပ်က ချောင်းဦးမြို့နယ် ပေါက်ပင်ကျေးရွာ၊နတ်တိုင်ကျောင်းပတ်လည်ရှိ တဲများကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။