ဖောင်းပြင်နယ်မြို့နယ်တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ
ရန်ကုန်၊ ဒီဇင်ဘာ ၂၃
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်က ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်ဖွဲ့က ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်းတွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရရှိကြောင်း ဒေသပြည်သူများနှင့် PDF သတင်းရင်းမြစ်က ပြောဆိုသည်။
ဖောင်းပြင်မြို့နယ် သရောင်းကျေးရွာနှင့် ထောမကျေးရွာတို့ကို စစ်ကောင်စီတပ်က တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဒေသပြည်သူများ ထိခိုက်သေဆုံးမှုများဖြစ်ပေါ်ခဲ့ရကြောင်း၊ အမျိုးသား ၁ ဦးသေဆုံးပြီး အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၅ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။
“ဖောင်းပြင်ဘက်ကို သူတို့ မထင်ရင် မထင်သလို ရဟတ်ယာဉ်နဲ့ပစ်လိုက်၊ တိုက်လေယာဉ်နဲ့ ဗုံးကျဲလိုက် လုပ်နေတာပါ။ အဲဒါ သေဆုံးသူက အမျိုးသား ၁ ဦးဆုံးပါတယ်။ ၉ ဦးဒဏ်ရာရတာမှာ ဒဏ်ရာပြင်းထန်ပါတယ်။ အဲဒါကြောင့် ဒဏ်ရာရတဲ့သူတွေထဲကလည်း အသက်ဆုံးနိုင်သူတချို့ရှိနိုင်တယ်။ မူလတုန်းက ၁၀ ဦးသေဆုံးတယ်ဆိုပြီး သတင်းထွက်ခဲ့တာပါ။ အခုတော့ ၁ ဦး ပွဲချင်းပြီး ဆုံးတယ်။ ၉ ဦးကလည်း ဒဏ်ရာအပြင်းအထန်ရတယ်။ နေအိမ်တွေလည်း ထိခိုက်ပျက်စီးပါတယ်။” ဟု PDF သတင်းရင်းမြစ်က ပြောဆိုသည်။
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်တွင် စစ်ကောင်စီတပ်က မြို့ပေါ်တွင် အဓိက တပ်စွဲပြီး မြို့ပေါ် ပြင်ပ ကျေးရွာဒေသများကို မစိုးမိုးနိုင်တော့ဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဗုံးကျဲခြင်း၊ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းများကို ဆက်တိုက် ဆိုသလို လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
