ပလက်ဝဒေသရှိ စစ်တပ်၏ ပွိုင့် ၃၇၇ စခန်းကို သိမ်းပိုက်နိုင်ရေး AA က ထိုးစစ်ဆင် တိုက်ခိုက်နေ၊ ရခိုင်ပြည်နယ်၊ မြို့နယ် ၄ ခုရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး
■ စစ်တွေ၊ သံတွဲနှင့် တောင်ကုတ် မြို့နယ်တို့တွင် စစ်တပ်က ပြည်သူ ၁၅ ဦးကို အကြောင်းမဲ့ ဖမ်းဆီး
ရန်ကုန်၊ ဒီဇင်ဘာ ၂၃
ပလက်ဝဒေသရှိ အကြမ်းဖက် စစ်တပ်၏ ပွိုင့် ၃၇၇ စစ်စခန်းကို သိမ်းပိုက်နိုင်ရေး ရခိုင်တပ်တော် AA က ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း AA ထံမှ သိရသည်။
ယနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရခိုင်တပ်တော် AA က တစ်ဝက်တစ်ပျက်ကျန်ရှိနေသေးသော အကြမ်းဖက် စစ်တပ် စခန်းများထဲမှ တစ်ခုဖြစ်သော ပလက်ဝမြို့နယ်၊ အိန္ဒိယနယ်စပ် BP-9 မြိတ်ဝရွာ နယ်စပ်မှတ်တိုင် BP-5 အနီးရှိ ပွိင့် ၃၇၇ စခန်းကို အပြီးသတ် ချေမှုန်းသိမ်းပိုက်နိုင်ရေး ရခိုင်တပ်တော် AA က ထပ်မံကြိုးပမ်း ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။
ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီ ၂၇ မိနစ်ခန့်၌ မောင်တောမြို့နယ်၊ ကြောင်နဘေကျေးရွာ အနီး၌ အကြမ်းဖက် စစ်တပ်နှင့် ရခိုင်တပ်တော် AA တို့ မိနစ် အနည်းငယ်ခန့်အကြာ ထိပ်တိုက် ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး စစ်တပ်က အထိနာခဲ့သောကြောင့် ကြောင်နဘေကျေးရွာကို မီးရှို့ ဖျက်ဆီးသွားကြောင်း၊ ယင်းနေ့ နံနက် ၁၀ နာရီ ၃၈ မိနစ်ခန့်တွင် မောင်တောမြို့၊ မြို့သူကြီး ၊ နခခ ၅ တပ်ရင်းက လက်နက်ကြီးများဖြင့် မောင်တောမြို့နယ်ရှိ ဗောဓိကုန်းရွာကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ မောင်တောအခြေစိုက် ဗောဓိကုန်းနယ်ခြားစောင့်တပ်စခန်းက ကံသာယာ (အလယ်) ကျေးရွာနှင့် အနီးတဝိုက်သို့ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်၊ ယင်းနေ့ နံနက် ၉ နာရီခန့်တွင် ကျောက်ဖြူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ဓညဝတီရေတပ်စခန်းအနီး၌ စစ်ကောင်စီစစ်ကြောင်းသည် ရခိုင်တပ်တော် AA လှုပ်ရှားရာ နယ်မြေကို စစ်ကျွံလာသောကြောင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဘူးသီးတောင်အခြေစိုက် အကြမ်းဖက် စစ်တပ်၏ စကခ ၁၅ ၊ ခလရ ၂၆၃ ၊ တောင်ခေါင်းကြီးအထက်တာဝါတိုင်ကုန်းနှင့် မောင်တောအခြေစိုက် နယ်ခြားစောင့် တပ်ဖွဲ့ခွဲ နခခ ၂ နှင့် နခခ ၅ တပ်များမှ မောင်တောမြို့နယ်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက စတင်ကာ အကြောင်းမဲ့ ပစ်ခတ်ခြင်းကြောင့် ကံသာယာ (အလယ်) ကျေးရွာတွင်းကို လက်နက်ကြီးကျည် ၅ လုံး ကျရောက် ပေါက်ကွဲခဲ့ကာ အနီးအနား ကျေးရွာများကိုလည်း ကျရောက်ပေါက်ကွဲခဲ့သည်။
ရသေ့တောင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ နခခ ၆ လက်အောက်ခံ ကိုးတန်ကောက်နယ်ခြားစောင့် တပ်စခန်းမှ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ဦးခန့်် သည် ဒေသခံ ၂ ဦးပိုင်ဆိုင်သည့် မရိတ်သိမ်းရသေးသည့် စပါးခင်းများကို ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေ ၃ နာရီ ၂၀ မိနစ်ခန့်တွင် ဓါတ်ဆီ လောင်းကာ မီးရှို့ဖျက်ဆီးခြင်းကြောင့် စပါး ၂ ဧကကျော်မှာ ပျက်စီးခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေ ၅ နာရီခန့်၌ စစ်တွေမြို့နယ်ရှိ ကိုးရီးယားဆိပ်ကမ်းကို ဈေးလာဝယ်သည့် ပြည်သူ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၈ ဦးတို့ကို ပေါက်တောမြို့နယ်၊ ရဖီးချပ်တောင်အောက် မြစ်ထဲ၌ ရပ်နားထားသည့် စစ်ကောင်စီနေဗီ ၄၄၃ က ဖမ်းဆီးသွားကာ စစ်တွေ အမှတ် ၁ ရဲစခန်းကို ခေါ်ဆောင်သွားကြောင်း၊ ယင်းနေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင်လည်း သံတွဲမြို့နယ်၊ ကင်းမော် ကျေးရွာအတွင်းရှိ အသက် ၅၀ အရွယ် ပြည်သူ ၁ ဦး ဖမ်းဆီးသွားပြီး ငပလီ ခမရ ၅၅ တပ်ရင်း၌ ဖမ်းဆီးထားကြောင်း၊ အလားတူ ညနေ ၆ နာရီခန့်တွင် တောင်ကုတ်အခြေစိုက် စစ်ကောင်စီ၏ ခမရ ၅၄၄ နှင့် ခမရ ၃၄၆ တပ်ရင်းများမှ စစ်သား ၅၀ ခန့်သည် တပျော့ကျေးရွာအတွင်းကို ဝင်ရောက်၍ ပြည်သူ ၆ ဦးကို ဖမ်းဆီးကာ ၃ ဦးကိုပြန်လွှတ်ပေးခဲ့ပြီး ပြည်သူ ၃ ဦးကို လူသားဒိုင်းကာ အဖြစ် ဆက်လက် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရှိရသည်။
