နမ္မတူမြို့နယ်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး ရှမ်းမြောက်ဒေသ မြို့နယ် ၅ ခုရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ္မတူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်က မြို့နယ် ၅ ခုရှိ ကျေးရွာများကို လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ ၅ မိနစ်ခန့်တွင် နမ္မတူမြို့ရှိ အကြမ်းဖက် စစ်တပ် စခန်းတွင် စစ်တပ် နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၂၂ ရက်နေ့ ည ၈ နာရီကျော်ခန့်တွင် မန်တုံမြို့ အနီးတဝိုက်ကို အကြမ်းဖက် စစ်တပ် Y12 လေယာဥ် ဖြင့် ၁၁ ကြိမ်၊ ဗုံး ၁၁၁ လုံး လာရောက် ကျဲချ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ မန်တုံမြို့ရှိ နားလင်းကျေးရွာ၊ မန်ဆာကျေးရွာတို့ကိုလည်း စစ်ကောင်စီတပ်က Y12 လေယာဥ် ဖြင့် လာရောက်ကင်းလှည့်ကာ ပစ်မှတ်ရှာခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်က ယနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် နမ္မတူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် စခန်းက ခိုဖိတ်ကျေးရွာနှင့် ဆိုင်ခေါင်ကျေးရွာအနီးတဝိုက်ကို လက်နက်ကြီးဖြင့် ၂၁ ကြိမ်၊ ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီတပ်က ဆုဆည်းကျေးရွာကို လက်နက်ကြီးဖြင့် ၇ ကြိမ်၊ ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီတပ်က တော့ဆန်ကျေးရွာကို လက်နက်ကြီးဖြင့် ၄ ကြိမ်၊ ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီ၏ နမ့်ဖတ်ကာတပ်စခန်းက အင်လေးကျေးရွာ၊ မော်ဆောင်းကျေးရွာကို လက်နက်ကြီးဖြင့် ၈ ကြိမ်၊ မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်က ကုန်စံ၊ ပန်သပြေ ကျေးရွာအနီးကို လက်နက်ကြီးဖြင့် ၈ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

