မုန်းမြို့ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ၆ ရက်ဆက် ပစ်ခတ် တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်များ ထိခိုက်ပျက်စီး
ရန်ကုန်၊ ဒီဇင်ဘာ ၂၄
ပဲခူးတိုင်း၊ မုန်းမြို့ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ၆ ရက်ဆက် ပစ်ခတ် တိုက်ခိုက်ရာ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ခမရ-၄၃၉ တပ်ရင်းက ခင်နောက်မြီး၊ မြနီကွင်းနှင့် ခင်ကြီးကျေးရွာ အတွင်းကို လက်နက်ကြီး အလုံး ၄၀ ခန့် ပစ်ခတ်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၂ နာရီ ၅၅ မိနစ်မှ ၃ နာရီ ၂၀ မိနစ် အထိ အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံးများကို ခင်ကြီးရွာအတွင်း ၂ လုံး၊ ခင်နောက်မီးရွာ အတွင်း ၁ လုံး၊ အိုးပုံကွင်းနှင့် မြနီကွင်းရွာ အကြားတွင် ၂ လုံး ပစ်ခတ်ခဲ့ရာ ခင်နောက်မီးကျေးရွာမှ ဦးဌေးလွင်၏ နေအိမ်နှင့် ဆိုင်ကယ် ၂ စီး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
ယင်းနေ့ ည ၈ နာရီ ၅၀ မိနစ်ခန့်တွင် ခမရ-၃၀၇ ရွှေဝါတပ်ရင်းမှ လက်နက်ကြီး ၄ လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ သပြေလဟာကျေးရွာကို ၁ လုံး နှင့် ငဘတ်ကျေးရွာကို ၃ လုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ-၃၀၇ တပ်ရင်းက သစ်ဖြူဆိပ်ကျေးရွာကို ၁၂၀ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ ကျေးရွာနေ ပြည်သူ ဦးနေကြာ၏ နေအိမ် ခြံဝင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကာ အိမ်ရှင် ၂ ဦး ကျည်စ ထိမှန်ခဲ့ပြီး ဦးနေကြာ ပွဲချင်းပြီး သေဆုံးကာ ဒေါ်ခင်မာ ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် မြနီကွင်းကျေးရွာနှင့် ခင်ကြီးကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ မြနီကွင်းကျေးရွာရှိ ဘုရားကျောင်း ၁ ကျောင်း ပျက်စီးခဲ့ကြောင်း၊ ယင်းနေ့ ညနေ ၃ နာရီ ၃၀ မိနစ်တွင် သစ်ခြုံပင်ကျေးရွာအတွင်းကို စစ်တပ်က ဒရုန်းဖြင့် လက်နက်ကြီး ၁ လုံး ကျဲချခဲ့ရာ သစ်ခြုံပင် ကျေးရွာကို ကျရောက် ပေါက်ကွဲခဲ့ပြီး ရေအိုးစဉ်ကျေးရွာသား ဦးအောင်သက်ဝင်း ကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကေအဲန်ယူ−မူးမြို့နယ် အုပ်ချုပ်နယ်မြေအတွင်း အကြမ်းဖက် စစ်တပ်က ပြည်သူများကို ပစ်မှတ်ထား အကြမ်းဖက်မှုများ နေ့စဉ်နှင့်အမျှ လုပ်ဆောင်လျှက်ရှိပြီး စစ်ဘေးရှောင် ပြည်သူများကိုလည်း နေ့စဥ် တိုးပွားနေကာ အခြေခံစားနပ်ရိက္ခာ၊ နေရာထိုင်ခင်း၊ အမိုးအကာ များနှင့် ဆေးဝါးများ လိုအပ်လျက်ရှိကြောင်း သိရှိရသည်။