ရွှေဘိုမှာ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင် ၂ ဦး လက်နက်နဲ့တကွ အလင်းဝင်မှု ငွေကျပ် သိန်း ၁၀၀ ချီးမြှင့်
ရန်ကုန် | ဒီဇင်ဘာ ၂၄
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သီးလုံးကျေးရွာမှာရှိတဲ့ ပျူစောထီးစခန်းက စစ်ကောင်စီတပ်လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင် ၂ဦး လက်နက်နဲ့တကွ အ လင်း ဝင်ရောက်ခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် – BNRA က ထုတ်ပြန်ပါတယ်။
အဆိုပါ ပျူစောထီးအဖွဲ့ဝင်တွေဟာ အသက်၁၇နှစ်အရွယ်နဲ့ အသက်၂၀အရွယ်ရှိ လူငယ်၂ ဦးဖြစ်ပြီး သူတို့နဲ့အတူ G3 တစ်လက် ကျည် ၁၅၀ တောင့်၊ ကျည်ဘောက်အပို ၂ ခု၊ ကာဘိုင်တလက်ကျည် ၈၂တောင့်၊ ကျည်ဘောက်အပို ၁ခု တို့ကို ယူဆောင်လာပြီး BNRA ထံ လာရောက်ပူးပေါင်းခဲ့တာလို့ ဆိုပါတယ်။
သူတို့နဲ့ အတူ မိသားစုဝင် ၁၄ ဦးလည်း အတူတကွ ပါရှိလာပြီး ပျူစောထီးကျေး ရွာ အပြင်ဘက်ရောက်ရှိနေတဲ့ တခြားမိသားစုဝင်တွေ ဆွေမျိုးတွေနဲ့ တွေ့ဆုံရလို့ ဝမ်းသာနေကြတယ်လို့ ဆိုပါတယ်။
BNRA အနေနဲ့ လက်နက်အပ်နှံသူတွေနဲ့ မိသားစုဝင်တွေ အသက်မွေး ဝမ်း ကျောင်း ပြုနိုင်ဖို့ ကျပ်သိန်း၁၀၀ ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ရက်နဲ့ ၂၇ရက်နေ့တွေမှာ ပျူစောထီးစခန်းရှိတဲ့ သီးလုံးကျေးရွာကို ဒေသကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွာသွားကြပြီး ဒေသခံ ရွာသားတွေ ပြန်လည်ဝင်ရောက်နေထိုင်နေကြတယ်လို့ သိရှိရပါတယ်။