မြောက်ဦးမြို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး သေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၂၄
ရခိုင်ပြည်နယ်၊ မြောက်ဦးမြိုရှိ ဆင်ချဆိပ်ရပ်ကွက်ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးသွားပြီး ၂ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း ဒေသခံများက ပြောသည်။
ယနေ့ ဒီဇင်ဘာ ၂၄ ရက်နေ့ နေ့လယ် ၃ နာရီကျော်က မြောက်ဦးအခြေစိုက် စစ်ကောင်စီတပ် ခမရ (၅၄၀) တပ်ရင်းက ပစ်ခတ်လိုက်သော လက်နက်ကြီး ကျည်သည် ဆင်ချဆိပ်ရပ်ကွက်အတွင်းကျရောက် ပေါက်ကွဲခြင်းဖြစ်သည်။
မြောက်ဦး ဒေသခံတစ်ဦးက “စစ်ကောင်စီတပ် ခမရ (၅၄၀) တပ်ရင်းက လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်တယ်။ မြို့ထဲမှာလည်း လက်နက်ကြီးကျတယ်။ ကျနော်တို့ ကြောက်လန့်ပြီး အပြင်လည်း မသွားရဲဘူး။ အခုက ဆင်ချဆိပ်ရပ်ကွက်အတွင်း ကိုကျတာ၊ ၃ ယောက်သေတယ်။ ဒဏ်ရာရသူတွေလည်းရှိတယ်”ဟုပြောသည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသွားသူများမှာ မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်က အသက် ၃၆ နှစ်ရွယ်ရှိ ဦးစံမောင်၊ အသက် ၂၄ နှစ်အရွယ်ရှိ ဒေါ်လှလှသန်းနှင့် နောက်ထပ်အမျိုးသားတစ်ဦးတို့ဖြစ်ကြကာ အသက် ၆ နှစ်အရွယ် မခိုင်စောဝေနှင့် နောက်ထပ် ၂ ဦးမနည်းမှာ ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့ကြောင်းသိရသည်။
လက်ရှိမြောက်ဦးမြို့တွင်းအခြေနေမှာ စစ်ကောင်စီမှ လက်နက်ကြီးဆက်တိုက်ပစ်ခတ်နေမှုများရှိနေသည့်အပြင် မြို့အတွင်း စစ်ကြောင်းထွက်ကာလှည့်လည်သွားလာမှုတို့လည်းရှိနေသည်ဟု မြို့ခံတစ်ဦးကဆိုသည်။
“လက်နက်ကြီးလည်းဆက်တိုက်ပစ်နေတယ်။ အခြေနေတွေပိုဆိုးလာသလိုပဲ။ အပြင်ထွက်ဖို့လဲမရဲဘူး။ စစ်ကောင်းစီတပ်က မြို့အတွင်းမှာ သွားလာတာတွေလုပ်နေကြတယ်” ဟုဒေသံတစ်ဦးကဆိုသည်။
နံနက်ပိုင်းခန့်ကလည်း စစ်ကောင်စီတပ်များမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် မြောက်ဦးတွင် ကျောက်ရာဇ်ကေနှင့် ဆင်ချဆိပ်ရပ်ကွက်တို့မှ အသက် ၁၄ နှစ်အရွယ် ယောက်ကျားလေးတစ်ဦးအပါအဝင် အရပ်သား ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အဆောက်အအုံအချို့ပျက်စီးမှုရှိခဲ့သည်။
ယနေ့ ဒီဇင်ဘာ ၂၄ ရက်နေ့ အာရုဏ်တက်အချိန်မှစတင်ခဲ့သည့် မြောက်ဦးတိုက်ပွဲမှာ လက်ရှိအချိန်ထိ နှစ်ဖက်တင်းမာနေကြဆဲဖြစ်ပြီး မြို့ပေါ်ရှိ စစ်ကောင်စီတပ်ရင်းများဖြစ်သည့် ခမရ ၅၄၀၊ ၃၇၇၊ ၃၇၈ စသည့်တပ်ရင်းများမှာ မြို့တွင်းသို့ လက်နက်ကြီးပစ်ခတ်မှုတို့ဆက်တိုက်ရှိသည်။
ထို့အပြင် စစ်ကောင်စီတပ်ရင်းမှ ပစ်ခတ်မှုကြောင့် ယနေ့ မနက်ပိုင်းက လက်နက်ကြီးကျဉ်ကျရောက်လို့ ၅ ဦး ဒဏ်ရာ ရရှိသည့်အထဲတွင် အမျိုးသားတစ်ဦး ဒဏ်ရာပြင်းထန်၍ မြောက်ဦး ဆေးရုံတွင် သေဆုံး သွားခဲ့ကြောင်း သိရသည်။
သေဆုံးသွားသူမှာ မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်က အဖ ဦးကျော်စိန်အောင်၏ သား ဦးလင်းဇော်ထွန်း ၂၉ နှစ်) ဖြစ်ပြီး သိရသည်။
ယနေ့ ဒီဇင်ဘာ ၂၄ ရက် မြောက်ဦးမြို့မ ရဲစခန်းဖက်မှ အာရုဏ်တက်ချိန် ၃ နာရီ ၅၀ မိနစ်ဝန်းကျင်က စတင်ဖြစ်ပွားခြင်းဖြစ်ပြီး နံနက်ပိုင်း ၇ နာရီဝန်းကျင်အထိ တိုက်ပွဲများဖြစ်ပွားနေကြဆဲဖြစ်သည်ဟု မြောက်ဦးမြို့ခံတစ်ဦးကပြောသည်။
ယမန်နေ့ ဒီဇင်ဘာ ၂၃ ရက်နေ့လည်ပိုင်းကလည်း စစ်ကောင်စီမှ ကျောက်တော်မြို့နယ် ပြင်လှကျေးရွာရှိ အေအေ စစ်ဆေးရေးဂိတ်သို့ ဒရုန်းဖြင့်လာရောက်ပစ်ခတ်ခြင်း၊ ပြင်လှကျေးရွာအား လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ရှိခဲ့ကာ စစ်တွေမြို့နယ်ရှိ တောကန်ရွာကိုလည်း စစ်ကောင်စီတပ်မှ ဝင်ရောက်မီးရှို့မှုရှိခဲ့သည်။
ပြီးခဲ့သည့်နိုင်ဝင်ဘာ ၁၃ ရက်နေ့က စတင်ခဲ့သည့် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ ရခိုင်ဖက်စစ်ရေးအခြေနေမှာ မြို့နယ်အနှံ့အထိ ပြန့်နှံ့ခဲ့ပြီး လက်ရှိအချိန်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြဆဲဖြစ်သည်။
(Western News-WN သည် ရန်ကုန်ခေတ်သစ် မီဒီယာ၏ မိတ်ဖက်ဖြစ်သည်)
ပုံစာ- ယနေ့ ညပိုင်းတွင် စစ်ကောင်စီမှ ပစ်ခတ်လိုက်သော လက်နက်ကြီး ကျည်ကြောင့် မြောက်ဦးမြို့အတွင်း သေဆုံးသွားသူများ မြင်ရစဉ်။ ဓါတ်ပုံ-APM