ပေါက်ခေါင်းမြို့နယ်၊ အုပ်ဖိုရွာတွင် နေထိုင်သော ပျူစောထီး သားအဖ ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦး သေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၂၅
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ အုပ်ဖိုရွာတွင် နေထိုင်သော ပျူစောထီး သားအဖ ၂ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ပေါက်ခေါင်းမြို့နယ်၊ အုပ်ဖိုရွာတွင် နေထိုင်သော အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူစောထီးခေါင်းဆောင်သိန်းမြင့်ကို ပြည်ခရိုင်တပ်ရင်း ၃၆၀၂ တပ်ခွဲ ၃ SPDF မှ ၎င်း၏ နေအိမ်အတွင်း ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ သိန်းမြင့်မှာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ် တိုက်ခိုက်မှုအတွင်း သားဖြစ်သူ စစ်ပြေးပျူစောထီးအဖွဲ့ဝင် ပြည်စုံသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ပြန်လည်ခုခံသည့်အတွက် ထပ်မံ ပစ်ခတ်တိုက်ခိုက်ရာ အပြင်းအထန် ဒဏ်ရာရကာ စစ်ဆေးရုံတွင် တင်ထားရပြီး သေဆုံးခြင်း ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
သေဆုံးသွားသော ပျူစောထီး ခေါင်းဆောင် သိန်းမြင့်သည် ကျေးရွာအုပ်စုအတွင်း ပျူစောထီးဖွဲ့ရန် လူငယ်များကို စည်းရုံးခြင်း၊ စစ်တပ်အတွက် စစ်သားသစ် စုဆောင်းရန်ရှာပေးခြင်း၊ စစ်တပ်ထဲမှ စစ်မတိုက်လို၍ ထွက်ပြေးလာသော စစ်သား ၉ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ချိတ်ဆက် ပေးမည်ဟု ခေါ်ယူ၍ စစ်တပ်ထံပြန်လည် အပ်ပေးခဲ့သူဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် ထောက်တိုင်များကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်နေပြီဖြစ်ပါသောကြောင့် စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ သတင်းပေးများ၊ ပျူစောထီးများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ဌာနအသီးသီးမှ ဝန်ထမ်းများ အားလုံး ပြည်သူနှင့် ပူးပေါင်းပြီး အလင်းဝင်ကြရန် ပြည်ခရိုင်တပ်ရင်း ၃၆၀၂ တပ်ခွဲ ၃ SPDF က ထုတ်ပြန်ထားသည်။