မြိုင်မြို့နယ်၊ ကိုင်းတောမရဲစခန်းအတွင်းရှိ စစ်ကောင်စီတပ်သားများကို တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံး၊ ပခုက္ကူစက်မှုဇုန်မှ ရေစကြိုဘက်ကို ထွက်လာသော စစ်ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်
ရန်ကုန်၊ ဒီဇင်ဘာ ၂၅
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရဲစခန်းအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်သား၊ ရဲများကို တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦး သေဆုံးခဲ့ကြောင်း Earthquake People’s Defence Force ထံမှ သိရသည်။
ယမန်နေ့ ဒီဇင်ဘာလ ၂၄ ရက် နံနက် ၈ နာရီခွဲခန့်က သရက်ကန်ပျူရွာမှ ထွက်လာသည့် စစ်ကြောင်း ကို ကြိုဆိုရန် ကိုင်းတောမရဲစခန်းအတွင်း အကြမ်းဖက်စစ်သား၊ ရဲများ တန်းစီနေစဉ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက ကြိုတင်ကင်းပုန်း ၂ နေရာယူပြီး အနီးကပ် မီတာ ၁၀၀ အကွာမှ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲ ၂ ဦးသေဆုံးကာ ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်နေစဉ်အတွင်း သရက်ကန်ပျူရွာမှ စစ်ကြောင်းမှ ရောက်ရှိလာခဲ့သော်လည်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ သေဆုံးသွားသော ရဲ ၂ ဦး၏ နာမည်၊ ရာထူးသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Earthquake People’s Defence Force(pakokku )၊ မြိုင် (ပကဖ) တပ်ရင်း ၁ တပ်ခွဲ ၄ စင်္ကြာတပ်ဖွဲ့ နှင့်TYK ပျောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ရေစကြိုလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကားတစ်စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Young Force – UG တပ်ဖွဲ့ထံမှ သိရသည်။
ယနေ့ ဒီဇင်ဘာလ ၂၅ ရက် နံနက် ၁၀ နာရီ မိနစ် ၃၀ ခန့်က ပခုက္ကူစက်မှုဇုန်မှ ရေစကြိုဘက်သို့ Canter ကားဖြင့် ထွက်လာသော အကြမ်းဖက်စစ်ကားနှင့် ကွန်တိန်နာဘောက်ပါသော Cmpany ကားနောက်ခန်းရှိ အကြမ်းဖက်စစ်သားများကို မိုင်းပွိုင့် ၂ ပွိုင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာအကြမ်း ဖက်စစ်ကားသားများ ထိခိုက်ဒဏ်ရာရရှိပြီး ကားပေါ်မှ အော်ဟစ်ဆဲဆိုကာ ကျောက်လှေကားဂိတ် သို့ မောင်းပြေးသွားကြောင်း သိရသည်။
ထို့အပြင် မွန်းတည့် ၁၂ နာရီခန့်တွင် မိုင်းရှင်းရန်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို နောက်ချန် လခြမ်းမိုင်းဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ထပ်မံ တိုက်ခိုက်လိုသော်လည်း ပြည်သူများကို ဓားစာခံခေါ်လာပြီး မိုင်းပေါ်ရပ်ခိုင်းထားသဖြင့် ဆုတ်ခွာပေး ခဲ့ရကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူမြိုနယ် ပကဖ တပ်ခွဲ ၂ ၊ THURAIN-TR (Pakokku) ၊ Ranger (Pakokku)နှင့် Young Force-UG တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။