ကောလင်းမြို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ နွေဦးဖွံ့ဖြိုးရေးဘဏ်ကို မြေပြင်ဘဏ်ခွဲအဖြစ် ဖွင့်လှစ်မည်ဖြစ်ပြီး ဘဏ်ဝန်ဆောင်မှုများ ပေးတော့မည်
ရန်ကုန်၊ ဒီဇင်ဘာ ၂၆
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသော ကောလင်းမြို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ နွေဦးဖွံ့ဖြိုးရေးဘဏ်ကို မြေပြင်ဘဏ်ခွဲအဖြစ် ဖွင့်လှစ်မည်ဖြစ်ကြောင်း နွေဦးဖွံ့ဖြိုးရေးဘဏ်က တရားဝင် ထုတ်ပြန်ကြေညာသည်။
နွေဦးဖွံ့ဖြိုးရေးဘဏ်သည် ဒစ်ဂျစ်တယ်ဘဏ်အဖြစ် စတင်ခဲ့သော်လည်း လက်ရှိတွင် မြေပြင်ဘဏ်ခွဲအဖြစ် ပထမဆုံးအကြိမ် ဖွင့်လှစ်နိုင်တော့မည်ဖြစ်ပြီး ဘဏ်ဝန်ဆောင်မှုများ စတင်ပေးတော့မည်ဖြစ်ကြောင်း တရားဝင် ကြေညာထားသည်။
“လေလှိုင်းက ဘဏ် ဆိုပြီး လေအလွင့်မှာ တချက်တချက် ထခုန်တဲ့ ကြွပ်ကြွပ်အိတ်လို မလိုသူတွေက ရယ်မောကြတယ်။
ကျောက်သားကျောက်စိုင်ကိုတောင် ဖြိုခွင်းနိုင်စွမ်းရှိတဲ့ ခွန်အားကြီးမားတဲ့ လှိုင်းလုံးကြီးတွေကတော့ သူ့အလုပ်သူ တည်ငြိမ်စွာလုပ်ရင်း သက်သေထူနိုင်ကြတော့မယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ဒစ်ဂျစ်တယ်ဘဏ် ဖြစ်တဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် ပထမဆုံး မြေပြင်ဘဏ်ခွဲမှ နွေဦးချစ်သူတွေကို မကြာမှီ ကာလအတွင်းမှာ ဘဏ်ဝန်ဆောင်မှုတွေ စတင် ပေးပါတော့မယ်။ လွယ်မယ်ထင်လို့ လှမ်းခဲ့ကြတာမဟုတ်၊ နိုင်ကို နိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ နွေဦး ခရီးကြမ်း ကို လမ်းဖောက်ခဲ့ကြတာပါ။ အခုဆို ပန်းတိုင်ကို မြင်နေရပါပြီ။ ပေါ်လာသမျှ ထိုးနှက်မှု အခက်အခဲတိုင်း ကို အားအဖြစ်ယူရင်း တဦးနဲ့တဦး လက်ချင်းခိုင်ခိုင်တွဲပြီး ဖီးနစ်ငှက်လို နှလုံးသားနဲ့ ပန်းတိုင်ဆီသို့ အရှိန်မပျက် တဟုန်ထိုး အတူပျံကြမယ်ဆိုတာ နွေဦးဘဏ်မှ နွေဦးသစ္စာ အဖြစ် ထပ်လောင်း တိုင်တည်အပ်ပါတယ်” ဟု ကောလင်းမြို့၏ ဓာတ်ပုံကို ဖော်ပြ၍ နွေဦးဖွံ့ဖြိုးရေးဘဏ်က တရားဝင် ကြေညာသည်။
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို နိုဝင်ဘာလ ၆ ရက်နေ့တွင် KIA ဦးဆောင်သော ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။