32.5 C
Yangon

ကျောက်ဖြူတွင် စစ်ကောင်စီတပ်က လမ်းပိတ်ထား၍ အရေးပေါ် ကျန်းမာရေးမကောင်းသည့် ကျောင်းသား ၂ ဦး ဆေးကုသခွင့်မရဘဲ သေဆုံး

Must read

ကျောက်ဖြူတွင် စစ်ကောင်စီတပ်က လမ်းပိတ်ထား၍ အရေးပေါ် ကျန်းမာရေးမကောင်းသည့် ကျောင်းသား ၂ ဦး ဆေးကုသခွင့်မရဘဲ သေဆုံး

ရန်ကုန်| ဒီဇင်ဘာ ၂၈

ရခိုင်ပြည် ကျောက်ဖြူမြို့နယ်အတွင်းက ကျောင်းသား ၂ ဦးမှာ အရေးပေါ် ဆေးရုံးသို့ သွားရာလမ်းတွင် စစ်ကောင်စီတပ်က သွားခွင့်မပေးသည့်အတွက်ကြောင့် သေဆုံးခဲ့ကြောင်း မိသားစုဝင်များနှင့် ဒေသခံများက ပြောသည်။

ယမန်နေ့ ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ၁၀ တန်း ကျောင်းသားမှာ ကျောက်ဖြူ ပြည်သူ့ဆေးရုံးသို့ ဆေးကုသရန် ဆေးရုံသို့ အရေးပေါ် သွားရာကနေ စစ်ကောင်စီတပ်က သွားခွင့်မပေး၍ သေဆုံးမှုရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ရွာမှာ ရွှေသဘာဝဓာတ်ငွေ့က ဆေးခန်းလေးတစ်ခုဖွင့်ထားတာရှိတယ်။ အဲ့ဆေးခန်းမှာက ဝေဒနာပြင်းရင်ကုမရဘူး။ အခုသေသွားတဲ့ ကလေးကို ဒီလ ၂၅ ရက်နေ့က ကျောက်ဖြူဆေးရုံကိုသွားလို့ ရတယ်ဆိုလို့ သွားတာပါ။ ဒါပေမယ့် စစ်ကောင်စီရဲ့ ကျောက်တလုံးဂိတ်က ဖြတ်ခွင့်မပေးဘူး။ ကလေးက အရမ်းအခြေအနေဆိုးတော့ နောက် ၂၆ ရက်နေ့သွားပြန်တော့လည်း သွားခွင့်မပေးပြန်ဘူး။ ၂၇ ရက်နေ့ မနက်ပိုင်းလောက်မှာ ဆေးခန်းကဆရာဝန်လက်မှတ်လေးနဲ့ ထပ်မံပြီးတော့ သွားတော့ ဖြတ်ခွင့်ပေးလိုက်တယ်။ ဒါပေမယ့် ဆေးရုံရောက်တော့ ဆေးကုသလို့ မမီလိုက်တော့ပါဘူး။ ဒါကြောင့် သေသွားရပါတယ်” ဟုပြောသည်။

အဆိုပါ ၁၀ တန်းကျောင်းသားမှာ ကျောက်ဖြူမြို့ ဂုံးချွိန်အုပ်စု အင်းကြီးနားကျေးရွာမှ ဦးခိုင်သာထွန်း၏ သားဖြစ်ပြီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဝမ်းသွားသည့် ဝေဒနာအပြင်းအထန်ဖြစ်နေခဲ့ကာ ကျောက်ဖြူ ဆေးရုံသို့ အချိန်မီသွားခွင့်မရခဲ့ရာမှ သေဆုံးသွားရခြင်းဖြစ်သည်ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ကျောက်ဖြူမြို့နယ် အုန်းတောအုပ်စုမှ အသက် ၉ နှစ်အရွယ်ကလေးငယ်တစ်ဦးမှာလည်း ဆေးရုံသို့သွားခွင့်မရ၍ အသက်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ကုန်ခဲ့တဲ့ တစ်ပတ်လောက်ကပဲ။ ကလေးက သစ်ပင်ပေါ်တက် ဆော့ ကစားရာကနေပြုတ်ကျတာ။ အတွင်းဒဏ်ရာရသွားတယ်။ အဲ့မှာ ဆေးရုံသွားတော့ စစ်ကောင်စီတပ်က ဂိတ်ဖြတ်ခွင့်မရဘူးလေ။ အဲ့ဒါနဲ့ပဲသေသွားရတယ်” ဟုပြောသည်။

ကျောက်ဖြူမြို့နယ်တွင် ကျေးရွာအုပ်စုများကို စစ်ကောင်စီတပ်မှ မြို့ပေါ်သို့သွားလာခွင့်အား ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက်နေ့က စတင်ကန့်သတ်ခဲ့ပြီး ထုတ်ပြန်ထားချက်အရ လာမည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့အထိ ကန့်သတ်ပိတ်ဆို့ထားခြင်းဖြစ်သည်။

ရခိုင်ပြည်အတွင်း တက်ကြွလှုပ်ရှားနေသူတစ်ဦးက “တိုက်ပွဲ ဖြစ်လာရင် စစ်ကောင်စီက ဒီလိုပဲ ပြည်သူတွေကို ရက်စက်မှုတွေ လုပ်လာတယ်။ ပြည်သူတွေကို ဓါးစားခံအဖြစ် အသုံးချလာတာတွေ့ရတယ်။ ပြည်သူတွေကို ထိတ်လန့် ကြောက်လန့်လာအောင် လုပ်လာတယ်။ အရင်စစ်ပွဲတွေကလည်း လုပ်ခဲ့တာပဲ။ နောက်ထပ်လည်း လုပ်ဦးမှာပဲ။ ကိုယ်တို့က ပြင်ဆင်ထားဖို့ပဲလိုတယ်။ ဒီ

ကောင်တွေက လူစိတ်တွေ ရှိတာမဟုတ်ဘူး။ ဒါကို နားလည်ဖို့လိုတယ်” ဟုပြောသည်။

စစ်ကောင်စီမှ ရေလမ်းကုန်းလမ်း ၂ ခုလုံးပိတ်ဆို့ခံထားရသည့် ကျောက်ဖြူမြို့နယ်မှ ကျေးရွာများမှာ ရိက္ခာပြတ်လပ်၍ အငတ်ဘေးဖြင့် ကြုံတွေ့နေကြရပြီး ဆေးဝါးများလည်းပြတ်လပ်ကာ လက်ရှိဆေးကုသခွင့်မရ၍ သေဆုံးသူများလည်း ရှိလာနေ

ခြင်း ဖြစ်သည်။

ပိတ်ဆို့ခံထားရမှု ၁ လကျော်အကြာရှိလာသည့် ရခိုင်ဒေသမှ နှစ်ဖက်တိုက်ပွဲများလည်း ဆက်လက်ပြင်းထန် နေကြဆဲဖြစ်ပြီး ဒေသတွင်း ရိက္ခာနှင့် ဆေးဝါးပြတ်လာမှုကို အဓိကကြုံတွေ့နေကြရပြီ မြို့နယ်အများအပြား ဒေသခံများသည်လည်း တိုက်ပွဲဖြစ်ပွားနေရာမှ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article