24.9 C
Yangon

နမ္မတူမြို့နယ်ကို လက်လွှတ်လိုက်ရပြီးနောက် ရမခတိုင်းစစ်ဌာနချုပ် အခြေ စိုက်ထားသော လားရှိုးမြို့ မကျစေရေး မည်သည့်နည်းမဆို ကာကွယ်ရမည်ဟု စစ်ကောင်စီက လျှို့ဝှက် ညွှန်ကြား

Must read

နမ္မတူမြို့နယ်ကို လက်လွှတ်လိုက်ရပြီးနောက် ရမခတိုင်းစစ်ဌာနချုပ် အခြေ စိုက်ထားသော လားရှိုးမြို့ မကျစေရေး မည်သည့်နည်းမဆို ကာကွယ်ရမည်ဟု စစ်ကောင်စီက လျှို့ဝှက် ညွှန်ကြား

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နမ္မတူမြို့နယ်ကို စစ်ကောင်စီက လက်လွှတ်လိုက်ရပြီးနောက် အရှေ့မြောက်တိုင်းစစ်ဌာ နချုပ်(ရမခ) အခြေစိုက်ထားသော လားရှိုးမြို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခြင်းမရှိစေရေး မည်သည့်နည်းနှင့်မဆို မဖြစ်မနေ ကာကွယ်ရမည်ဟု စစ်ကောင်စီက လျှို့ဝှက် ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၂၅ ရက်နေ့မှ စတင်ပြီး နမ္မတူမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို တအာင်းတပ်မတော် PSLF/TNLA က စတင်တိုက်ခိုက်ခဲ့ကြောင်း၊ ၄ ရက်အကြာ တိုက်ခိုက်ပြီးနောက် ယမန်နေ့ ဒီဇင်ဘာလ ၂၈ ရက် နံနက် ၁ နာရီ မိနစ် ၃၀ ခန့်တွင် နမ္မတူမြို့ရှိ စစ်ကောင်စီ ခမရ-၃၂၄ ဗျုဟာ ကုန်းအပါအဝင် တပ်စခန်းများဖြစ်သည့် မန်စံတပ်စခန်း၊ ပန်သပြေတပ်စခန်း၊ နောင်ဆိုင်ကင်း စခန်း၊ ရဲစခန်းနှင့် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများ အားလုံးကို သိမ်းပိုက်ရရှိခဲ့ပြီး နမ္မတူမြို့နယ်ကို TNLA က သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။

“နမ္မတူဘက်ကနေ ဆုတ်ခွာလာတဲ့ တပ်တွေ၊ စစ်ကြောင်းတွေအကုန်လုံး လားရှိုးထဲဝင်ခိုင်းပြီးတော့ လားရှိုးကိုတော့ ဘယ်လိုမှ အကျမခံနိုင်ဘူး။ ရှမ်းမြောက်မှာ ပြန့်ကျဲနေတဲ့ အခြား စစ်ကြောင်းတွေလည်း လားရှိုးမှာ စုကြဖို့ ညွှန်ကြားတယ်။ လားရှိုးကိုတော့ သက်စွန့်ဆံဖျား ကာကွယ်ရမယ်။ ဘယ်လိုနည်းနဲ့မဆို ကာကွယ်ရမယ်ဆိုတာမျိုး ညွှန်ကြားတယ်။ လားရှိုးက ရမခ အခြေစိုက်တိုင်းဖြစ်လို့ မြို့နယ် ကာကွယ်မှုနဲ့ နိုင်ငံတော်အချုပ်အခြာအာဏာကို ထိပါးသူတွေကို ပြတ်ပြတ်သားသား ချေမှုန်းရမယ်လို့ ညွှန်ကြားပါတယ်” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် စစ်တပ်က လားရှိုးမြို့အဝင်အထွက်များကို တင်းကျပ်စွာ စိစစ်နေပြီး မှတ်ပုံတင်၊ ထောက်ခံစာ၊ ခရီးသွားထောက်ခံစာစသည့် စာရွက်စာတမ်းများ မပါလျှင် မြို့ထဲဝင်ခွင့်နှင့် မြို့ကို ဖြတ်သန်းသွားလာခွင့်မပေးဘဲ ပိတ်ပင်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- နမ္မတူမြို့နယ် ခမရ ၃၂၄ မှ သိမ်းဆည်းရရှိသည့် စစ်နှင့်ရဲ အရာရှိများသာ ကိုင်ဆောင်ရသည့် ပစ္စတို၊ ခြောက်လူးပြူး သေနတ်တချို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article