30 C
Yangon

တန့်ဆည်မြို့မ ရဲစခန်းမှ စစ်ကောင်စီ တပ်သား ၁ ဦး အလင်းဝင်၊ မြိုင်မြို့နယ်တွင် ကင်းထွက်စောင့်သည့် ရဲ ၃ ဦး လမ်းပျောက်လာစဥ် PDF တပ်ဖွဲ့က ဖမ်းဆီး

Must read

တန့်ဆည်မြို့မ ရဲစခန်းမှ စစ်ကောင်စီ တပ်သား ၁ ဦး အလင်းဝင်၊ မြိုင်မြို့နယ်တွင် ကင်းထွက်စောင့်သည့် ရဲ ၃ ဦး လမ်းပျောက်လာစဥ် PDF တပ်ဖွဲ့က ဖမ်းဆီး

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မရဲစခန်းတွင် တာဝန်ကျ‌နေသော ခမရ ၃၆၁ မှ တပ်သားတစ်ဦး ရွှေဘိုခရိုင် တပ်ရင်း ၁၆ TRF ထံ အလင်းဝင်ရောက်လာခဲ့ကြောင်း TRF တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ပြောဆိုသည်။

အလင်းဝင်ရောက်လာသော စစ်ကောင်စီ တပ်သားမှာ အသက် ၂၄နှစ်အရွယ် ကောလင်းမြို့နယ် ဇာတိဖြစ်ပြီး ယခင်က စစ်ကောင်စီတပ်မှ ထွက်ပြေးရန် ၂ ကြိမ် ကြိုးစားခဲ့သော်လည်း ပြန်လည်အဖမ်းခံခဲ့ရကြောင်း၊ ဒီဇင်ဘာလ ၂၄ ရက်က TRF နှင့် ချိတ်ဆက်၍ အလင်းဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ဆိုင်ကယ်တစ်စီးရတာနဲ့ ထွက်ပြေးခဲ့ရတာဆိုတော့ သူကိုင်တဲ့ လက်နက်ယူလို့မရခဲ့ဘူးပေါ့။ သူ့ကို ၂၀၂၁ ဒီဇင်ဘာလောက်မှာ ပေါ်တာဆွဲသွားပြီး စစ်မှုထမ်းခိုင်းခဲ့တာလို့ ပြောတယ်။ အခု တန့်ဆည်ရဲစခန်းမှာ တာဝန်ကျနေတဲ့အထဲကလည်း ထွက်ပြေးချင်တဲ့သူတွေ အများကြီးရှိတယ်တဲ့” ဟု ရွှေဘိုခရိုင် တပ်ရင်း (၁၆) TRFမှ တာဝန်ရှိသူက ပြောသည်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်ရှိ စစ်တပ်အခြေစိုက်စခန်းများကို နိုဝင်ဘာလ ၂၉ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြို့မရဲစခန်းမှလွဲ၍ ကျန်စခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ကင်းထွက်စောင့် ရဲ ၃ ဦး လမ်းပျောက်လာစဥ် PDF တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း မြိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ ညပိုင်းတွင် မြိုင်မြို့နယ်ကို စစ်ကြောင်းထိုးလာသည့် ခလရ ၂၅၁ ထောက်ပို့ယာဉ်တန်းမှ ရဲ ၃ ဦး ကင်းထွက်လာသည့်အချိန် မျက်စိလည် လမ်းမှားနေစဥ် မြိုင်ပကဖနှင့် PDF Kamma ( ကမ္မတပ်ပေါင်းစု)တို့က ပူးပေါင်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် ရဲ ၃ ဦးမှာ ရဲဒုတပ်ကြပ် ဝေလွင်ထွန်း၊ ရဲတပ်သား ဟိန်းထက်အောင်နှင့် ရဲတပ်သား အောင်လင်းထွန်းတို့ဖြစ်ပြီး ၄င်းတို့ ၃ ဦးမှာ အကြမ်းဖက် စစ်သားများက သေနတ်ပေးမထားဘဲ ကင်းစောင့်ခိုင်းစဉ် မျက်စိ လည်၍ ကာကွယ်ရေးအဖွဲ့များ၏ လုံခြုံရေးများက ဖမ်းစီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ရဲ ၃ ဦး၏ ထွက်ဆိုချက်အရ အကြမ်းဖက် စစ်တပ်က ရဲအင်အား ၄၀ ခန့်ကို သင်တန်းတက်ရန်ပြောဆိုပြီး မကွေးမြို့ မှ ပခုက္ကူမြို့ရှိ တပ်မ ၁၀၁ ကို လိမ်လည်ခေါ်ယူကာ စစ်ကြောင်းထိုးရာကို ခေါ်ဆောင်လာခြင်း ဖြစ်ပြီး စစ်ကြောင်းတွင်လည်း သေနတ်ပေးမကိုင်ဘဲ အထုတ်ထမ်းခြင်း ၊ အလောင်းထမ်းခြင်းများသာ ခိုင်း၍ ခွဲခြားဆက်ဆံကြောင်းနှင့် အစားအစာများလည်း စစ်သားများ၏ အကျန်များသာ စားရကြောင်း သိရသည်။

အဆိုပါ ရဲ ၃ ဦးကို မြိုင် ပကဖ က စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ စောင့်ရှောက်ထားပြီး မိသားစုနှင့် အဆက်အသွယ်ရရင် ကြိုးစားနေသော်လည်း စစ်ကောင်စီတပ်သားများက အတင်းအဓမ္မ ဖုန်းများ သိမ်းဆည်းထားခြင်းကြောင့် မိသားစုထံ ဆက်သွယ်ရန် ခက်ခဲနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article