29 C
Yangon

ပလက်၀ရှိ စစ်ကောင်စီတပ်စခန်းများကို AA က သိမ်းပိုက်ပြီးနောက် စစ်သား ၁၅၀ ကျော် အိန္ဒိယဘက်သို့ ထွက်ပြေး

Must read

ပလက်၀ရှိ စစ်ကောင်စီတပ်စခန်းများကို AA က သိမ်းပိုက်ပြီးနောက် စစ်သား ၁၅၀ ကျော် အိန္ဒိယဘက်သို့ ထွက်ပြေး

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

ချင်းပြည်နယ်၊ ပလက်၀မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို ရက္ခိုင်တပ်တော် AA က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်စခန်းများမှ စစ်သား ၁၅၁ ဦးသည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး အိန္ဒိယစစ်တပ်က ယာယီစောင့်ရှောက်ပေးထားကြောင်း ချင်းတော်လှန်ရေးသတင်းရင်းမြစ်နှင့် AA သတင်းရင်းမြစ်တချို့က ပြောဆိုသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၆ နာရီ ၁၀ မိနစ်အချိန် ပလက်ဝမြို့ရှိ ခဝဲဗျူကုန်းကိုလည်းကောင်း၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်အချိန် ပလက်ဝမြို့နယ်၊ အိန္ဒိယ -မြန်မာနယ်စပ်ရှိ ပွိုင့် ၃၇၇ ခြေကုပ် စခန်းကိုလည်းကောင်း ရခိုင့်တပ်တော် – AA က အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ထိုသို့ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်သားများသည် လက်နက်များ ယူဆောင်၍ အိန္ဒိယဘက်သို့ ထွက်ပြေးကြရာ စုစုပေါင်း စစ်သား ၁၅၁ ဦးကို အိန္ဒိယ စစ်တပ်က ခေါ်ယူစောင့်ရှောက်ထားကြောင်း သိရှိရသည်။

“ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ပလက်ဝမြို့နယ်၊ မြစ်ဝစခန်း(ပွိုင့် ၃၇၇ စခန်း) ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၃ ဦးဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင် ခရိုင်၊ တွီဆဲန်းရွာထဲ ၂ သုတ်နဲ့ ဝင်ရောက်လာတယ်။ နောက်ထပ် စစ်တပ်စခန်းတွေက ၆၈ ဦးလည်း ပြေးလာကြတယ်။ စုစုပေါင်း ၁၅၁ ဦး ပြေးလာတာ။ အာသံရိုင်ဖယ်တပ်( အိန္ဒိယစစ်တပ်)က အကုန်လုံးကို စောင့်ရှောက်ပေးထားပြီး မြန်မာစစ်တပ်ဘက်ကို ပြန်လွှဲပေးဖို့ လုပ်နေတယ်။ သူတို့တွေက ကိုယ်လွတ်ရုန်းပြေးကြတာဆိုတော့ ဘာ လက်နက်ကြီးတွေ ကျည်ဆန်တွေ မသယ်နိုင်ကြဘူး။ အဲဒါတွေကို AA က အကုန်သိမ်းယူသွားတယ်။ ဒဏ်ရာရသူတွေလည်း ပါတယ်” ဟု အိန္ဒိယ-မြန်မာ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် ချင်းပြည်နယ်၊ ပလက်၀မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း အများအပြားကို AA က သိမ်းယူထားပြီး ချင်းတော်လှန်ရေးတပ်များကလည်း စစ်ကောင်စီတပ်စခန်းတချို့ကို ထိုးစစ်ဆင်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article