ရေဦးမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှ ပြည်သူပိုင် ဆန်အိတ်များကို ခိုးယူရန် လာသည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်၊ ရေတာရှည်မြို့နယ်တွင်လည်း စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်
ရန်ကုန်၊ ဇန်နဝါရီ ၂
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှ ပြည်သူပိုင် ဆန်အိတ်များကို ခိုးယူရန် လာသည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂ ရက်နေ့ နံနက်ပိုင်းတွင် ရေဦးမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှ ပြည်သူပိုင် ဆန်အိတ်များကို ခိုးယူရန် လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ရေဦးမြို့နှင့် မုတ်စီရွာ အကြားရှိ နံပါတ် ၄ မူးဘောင် အနီးတွင် မိုင်း ၅ ကြိမ် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွာသာလေးရွာ၊ ကုက္ကိုစုရွာနှင့် မူးသာကုန်ရွာရှိ ပြည်သူပိုင် နေအိမ်များမှ ဆန်အိတ်များကို ရေဦးမြို့ဘက်သို့ ခိုးယူသွားပြီး လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွာသာလေးရွာနှင့် ကုက္ကိုစုရွာတို့၌ ရှိနေသေးကြောင်း သိရှိရသည်။
” အကြမ်းဖက် စစ်ခွေးတွေက တစ်နေကုန် ရွာသာလေးရွာ၊ ကုက္ကိုစုရွာနဲ့ မူးသာကုန်းရွာတို့က ပြည်သူပိုင် ဆန်အိတ်တွေကို ရေဦးကို ခိုးယူ သယ်ထုတ်နေတာ ဒီစစ်ခွေးကြောင်းက နယ်မြေရှင်းလင်းရေးမဟုတ်ဘဲ မြို့ပေါ် ရိက္ခာရှာသက်သက်ထိုးလာတဲ့ စစ်ကြောင်းပါ။ အခုလောလော ဆယ်တော့ ဆန်အိတ် ဘယ်လောက် ခိုးယူသွားတယ်ဆိုတာ မသိရသေးဘူး။ ခွေးတွေက ရွာသာလေး၊ ကုက္ကိုစုဘက်မှာပဲရှိသေးတယ်။ ရေဦးမြို့တွင်း ပြန်မဝင်သေးဘူး။ လက်ရှိတော့ ရွာထဲကနေထမ်းပြီး အဆင့်ဆင့် ခိုးသယ်ထုတ်နေကြတုန်းပဲ” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ကပြောဆိုသည်။
အလားတူ ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ သဖန်း ဇင် ကျေးရွာ အနီးတွင် စစ် တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦး ထက် မနည်း ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း ပုဝါနီစစ်ကြောင်းထံမှ သိရသည်။
ဇန်နဝါရီလ ၁ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ခန့်က ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်ဘက်ကမ်းရှိ ဒိုးတန်းကျေးရွာ၊ ကွမ်းအုံကျေးရွာတို့မှ တဆင့် သဖန်းဇင်ကျေးရွာဘက်သို့ ဝင်ရောက်လာသော အင် အား ၅၀ ခန့်ပါ စစ်တပ်စစ်ကြောင်းကို မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင် စီတပ်သား ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပုဝါနီစစ်ကြောင်း ပြောက်ကျားပွိုင့် ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ယင်းအကြမ်း ဖက်စစ်ကြောင်းသည် ရွှေကဇောင်းကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီးလက်နက်ကြီးများ ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ စစ်တောင်းမြစ်ဘေးရှိ ပြည်သူပိုင် ကြံခင်း ၅ ဧက ခန့် မီးလောင်ပျက်စီး ခဲ့ကြောင်း ပုဝါနီစစ်ကြောင်းက ထုတ်ပြန်ထားသည်။
