33 C
Yangon

စစ်အင်အားရာပေါင်းများစွာ စုစည်းထားသော လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ)က လက်နက်ချပြီး လိုရာခရီးသွားခွင့်တောင်း၊ လောက်ကိုင်မြို့တစ်ခုလုံးကို MNDAA က အပြီးသတ်သိမ်းပိုက်

Must read

စစ်အင်အားရာပေါင်းများစွာ စုစည်းထားသော လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ)က လက်နက်ချပြီး လိုရာခရီးသွားခွင့်တောင်း၊ လောက်ကိုင်မြို့တစ်ခုလုံးကို MNDAA က အပြီးသတ်သိမ်းပိုက်

■ စစ်ကောင်စီက လောက်ကိုင်ဒကစတွင် သံချပ်ကာနှင့်တင့်ကားများ၊ အတွဲလိုက်ဒုံးပစ်ကားများ၊ ဟောင်ဝစ်ဇာအမြောက်များ အပါအဝင် လက်နက်နှင့်ခဲယမ်းများစွာ ခုခံစစ်အတွက် ဖြည့်တင်းထားခဲ့

ရန်ကုန်၊ ဇန်နဝါရီ ၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့ရှိ စစ်တပ် အင်အားရာပေါင်းများစွာ စုစည်းထားသော လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ) သည် ဇန်နဝါရီလ ၄ ရက်နေ့ ညပိုင်းတွင် ကိုးကန့် MNDAA ထံတွင် လက်နက်ချ အညံ့ခံလိုက်ပြီး လိုရာခရီးသွားခွင့်ပြုတောင်းလိုက်သဖြင့် လောက်ကိုင်မြို့နယ်တစ်ခုလုံးကို ကိုးကန့်MNDAA က သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း နေပြည် တော် စစ်တပ်သတင်းရင်းမြစ်၊ တရုတ်-မြန်မာနယ်စပ် စစ်ရေး သတင်းရင်းမြစ်များက အတည်ပြု ပြောဆိုသည်။

“လောက်ကိုင်ဒကစ စစ်သည်၊ မိသားစုတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ ဆုတ်ခွာလာမယ်ဆိုတဲ့ သတင်းရထားပါပြီ။ အနီးစပ်ဆုံး တိုင်းစစ်ဌာနချုပ်ရှိတဲ့နေရာဆိုတော့ လားရှိုးဖြစ်ဖို့များပါတယ်။ ဆုတ်ခွာမယ့် လူအင်အားက ဌာနဆိုင်ရာ ဝန်ထမ်းတွေ ၊ မိသားစုတွေ၊ စစ်သည် အရာရှိတွေပါဆိုရင် အင်အား ရာချီ( ၁၀၀၀ နီးပါး) ရှိမယ်။ ညှိတာကတော့ တိုင်းစစ်ဌာနချုပ်ဆီက ခွင့်ပြုချက်ပေးတယ်လို့ သိရတယ်။ဘယ်လိုဖြစ်ကြလဲဆိုတာတော့ အသေးစိတ် မသိရသေးဘူး” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။

လောက်ကိုင်ဒကစတွင် ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့မှ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပြည်သူ့စစ်အဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မ ၅၅ မှ စစ်ကူပို့ထားသော တပ်ဖွဲ့ဝင်များ၊ စကခ ၁၂ ၊ စကခ ၁၆ ၊ စကခ ၁၄ မှ တပ်ဖွဲ့ဝင်များ လက်နက်အပြည့်အစုံ ဖြင့် ခုခံစစ် ပြင်ရန် စစ်ကောင်စီက ပြင်ဆင်ခဲ့သော်လည်း လက်တွေ့ နောက်ဆုံးတွင် အားလုံး လက်နက်ချ အညံ့ခံခြင်းဖြစ်ကြောင်း သိရှိရသည်။

“တရုတ်လူမှုကွန်ရက်တွေမှာ တက်လာတဲ့ ဗီဒီယိုတွေအရတော့ အကုန်လက်နက်ချတာ။ MNDAA ဆီမှာ လက်နက်တွေ အပ်ပြီး စစ်ကားတွေ၊ ထရပ်ကားတွေနဲ့ ရွှေ့ပြောင်းပေးဖို့ ပြင်တာတွေကို တွေ့ရတယ်။ လောက်ကိုင်ဒကစ ဆိုတာတော့ သေချာပါတယ်” ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက MNDAA ပြောခွင့်ရ လီကျားဝင်းထံသို့ လောက်ကိုင်ဒကစကို သိမ်းပိုက်ရရှိခြင်း ရှိ၊ မရှိ၊ လောက်ကိုင်ဒကစမှ စစ်သည်နှင့်အရာရှိများ လက်နက်ချ အညံ့ခံမှု အခြေအနေများနှင့်ပတ်သက်ပြီး ဆက်သွယ်မေးမြန်းသော်လည်း တုံ့ပြန် ဖြေဆိုခြင်းမရှိသေးပေ။

လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)မှ သတင်းရင်းမြစ်တစ်ခုက လောက်ကိုင် ဒကစ တွင် သံချပ်ကာနှင့် တင့်ကားများ၊ ၁၂၀ မမ၊ ၁၀၅ မမ ၊ ဟောင်ဝစ်ဇာ အမြောက်များ၊ အတွဲလိုက်ဒုံးပစ်ကားများ၊ လက်နက်ခဲယမ်းများကိုခုခံစစ်အတွက် အပြည့်အစုံ ဖြည့်တင်း ထားရှိထားကြောင်း၊ လောက်ကိုင်ဒကစ အညံ့ခံသည်ဆိုပါက MNDAA အနေဖြင့် လက်နက်ခဲယမ်းများ အလွန်မြောက်များစွာ သိမ်းပိုက်ရရှိမည်ဖြစ်ကြောင်း ပြောဆိုသည်။

“လောက်ကိုင် ဒကစ ခုခံစစ်အတွက် ရမခကနေ လက်နက်ကြီးတွေ၊ ခဲယမ်းတွေ၊ ရိက္ခာတွေ ရဟတ်ယာဉ်တွေနဲ့ နေ့တိုင်း ဖြည့်တင်းထားတာ။ တကယ်လို့သာ လောက်ကိုင် ဒကစက အညံ့ခံတယ်ဆိုရင်ဆုံးရှုံးမယ့် လက်နက်ခဲယမ်းနဲ့ အမြှောက်တွေက အတော်ကိုများတယ်” ဟု ရမခ သတင်းရင်းမြစ်က ဆိုသည်။

ဇန်နဝါရီလ ၃ ရက်နေ့ ညပိုင်း မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်တွင် လောက်ကိုင် ဒကစကို အပြီးသတ် သိမ်းပိုက်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article