30 C
Yangon

မြောင်မြို့ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး၊ ဆားလင်းကြီးနှင့် ပုလဲ မြို့ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

မြောင်မြို့ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး၊ ဆားလင်းကြီးနှင့် ပုလဲ မြို့ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၅

စစ်ကိုင်းတိုင်း၊ မြောင်မြို့ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း – ၁၂ တပ်ခွဲ -၃ မှ တပ်ခွဲမှူး မိုးကြိုးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ခန့်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော မြောင်မြို့ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုတွင် တော်လှန်ရေး ရဲဘော်များဘက်က ဒရုန်း ၂ စီးဖြင့် ဗုံးသီး ၄ လုံးချ တိုက်ခိုက်ခဲ့ရာ ဗုံးသီး ၂ လုံးမှာ ရဲစခန်းအတွင်း အမျိုးသမီး တပ်သားများ စုဝေးနေထိုင်ရာ နေရာ အနီး ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ၏ အမျိုးသမီးတပ်သား ၅ ဦး သေဆုံးခဲ့ကြောင်းသိရသည်။

အဆိုပါ တိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲ( မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃) နှင့် Myaung Revolution Force(MRF) တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နှင့် ပုလဲမြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမန်လေကြောင်း စစ်ဆင်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ဆားလင်းကြီးမြို့၊ ထွေအုပ်ရုံးနှင့် မြို့မရဲစခန်း၀င်း အတွင်းကို ဒရုန်းဖြင့် ဗုံးသီး ၈ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် ပုလဲမြို့၊ ထွေအုပ်ရုံးကို ဗုံးသီး ၂ လုံး ထပ်မံ ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“စစ်ခွေး သေစာရင်းတော့ မသိရသေးဘူး။ စုံစမ်းနေပါတယ်” ဟု ဒေါင်းတမန်လေကြောင်း စစ်ဆင်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(3)PDAF ၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(4)SSTF ၊ Seven People Defense Force-Mandalay ၊ Union Brothers-UB(ပြည်သူ့အကျိုးဆောင်အဖွဲ့) ၊ ဒေါနစစ်ကြောင်း၏ဖိုးမောင်ပြန်လာပြီဇာတ်ကားထောက်ပို့အဖွဲ့ ၊ Support To Federal Democracy ၊ CONNECT နှင့် ဒေသ ပကဖအဖွဲ့များနှင့်တပ်ရင်း၊ တပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article