ခင်ဦးမြို့နယ်၊ ပျဥ်ထောင်ရွာမှ ပျူစောထီးများ စပါးထွက်ရိတ်စဥ် ဒရုန်းဖြင့် မီးလောင်ဗုံး၊ ဗုံးသီးများ ကျဲချ တိုက်ခိုက်မှု ၄ ဦးသေဆုံး
ရန်ကုန်၊ ဇန်နဝါရီ ၈
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ပျဥ်ထောင်ရွာမှ ပျူစောထီးများ စပါးထွက်ရိတ်စဥ် ဒရုန်းဖြင့် မီးလောင်ဗုံး၊ ဗုံးသီးများ ကျဲချ တိုက်ခိုက်ရာ ၄ ဦးသေဆုံးကြောင်း KhinU Special force Organization_KSO အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ခင်ဦးမြို့နယ်၊ ပျဥ်ထောင်ပျူစောထီးရွာရှိ ပျူစောထီး ၂၀ ခန့်သည် အနီးအနား ကျေးရွာများရှိ ပြည်သူများ စိုက်ပျိုးထားသော စပါးခင်းများကို ရိက္ခာအနေဖြင့် ရိတ်သိမ်းနေစဥ် ရိတ်သိမ်းပြီးသော စပါးပုံကို မီးလောင်ဗုံး ၆ လုံးဖြင့် ကျဲချကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
တော်လှန်ရေး တပ်ဖွဲ့များက မီးလောင်ဗုံးများ ကျဲချစဥ် ပျဥ်ထောင်ရွာအတွင်း ဝင်ပြေးလာသော ပျူစောထီးများကို ထပ်မံပြီး ဒရုန်းဖြင့် လိုက်လံပြီး ဗုံးသီးအကြီး ၅ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၄ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“အခု နံနက် ၁၀ နာရီ ၃၀ မိနစ်လောက်မှာ ပျဥ်ထောင်ရွာထဲမှာ ရုပ်အလောင်း ၄ လောင်း မြေမြုပ်နေတယ်လို့ အတွင်းသတင်းအရ သိရပါတယ်။ ဒဏ်ရာရတာ ၆ ဦးလို့ သိရတယ်” ဟု KhinU Special force Organization_KSO အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို KSO (KURDAF) တပ်ဖွဲ့၊ KURDAF ၊ ခင်ဦးမြို့နယ် ပကဖ ၊ Wolf Guerrilla Local PDF ၊ YE .U ၊ ARF(KURDAF) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။