30 C
Yangon

ခင်ဦးမြို့နယ်တွင် စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး ကျေးရွာ ၂ ရွာကို မီးရှို့ စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၇ ရွာမှ ပြည်သူများ တိမ်းရှောင်နေရ

Must read

ခင်ဦးမြို့နယ်တွင် စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး ကျေးရွာ ၂ ရွာကို မီးရှို့ စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၇ ရွာမှ ပြည်သူများ တိမ်းရှောင်နေရ

ရန်ကုန်၊ ဇန်နဝါရီ ၁၂

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး ကျေးရွာ ၂ ရွာကို မီးရှို့ စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၇ ရွာမှ ပြည်သူများ တိမ်းရှောင်နေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီ ၁၂ ရက်နေ့တွင် ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ တဲစုရွာ၌ ၂ ညအိပ်ပြီး နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ နံနက်ပိုင်းတွင် တဲစုရွာမှ ထွက်ခွာလာစဥ် မြင်းကျကျေးရွာသား ပြည်သူ အမျိုးသား ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်သွားပြီး ကျွန်းတောကြီးရွာကို ဆက်လက်ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ ကျွန်းတောကြီး၊ ကျွန်းကလေး၊ ယာတော်၊ သရက်ပင်စု၊ ကားဆိပ်၊ မကြီးအုပ်နှင့် အင်တိုင်းလေးရွာ တို့မှ ပြည်သူများ ဆက်လက် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ဒီနေ့ နံနက်ပိုင်းမှာ တဲစုရွာနဲ့ ပျဥ်ထောင်ပျူစောထီးရွာဘက်ကနေ စစ်ခွေးတွေ ထွက်လာတဲ့ အချိန် နယ်မြေခံကာကွယ်ရေးအဖွဲ့တွေနဲ့လည်း ထိတွေ့မှု ဖြစ်ခဲ့တယ်။ စစ်ခွေး အသေအပျောက်ရှိတယ်။ ခွေးသေတွေကိုလည်း ကျွန်းတောကြီးရွာက နေအိမ်တွေနဲ့ရောပြီး မီးရှို့ထားခဲ့မယ်လို့ ခန့်မှန်းရတယ်။ ဒီနေ့မနက်ပိုင်းကစလို့ စစ်ခွေးအသေအပျောက်ရှိခဲ့တာကြောင့် ရေဦးတိုင်းရင်းကနေလည်း ၁၂၀ မမ လက်နက်ကြီးနဲ့ အချက်ရေပေါင်းများစွာ ပစ်ကူပေးခဲ့တယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ရေဦးမြို့မှ ထွက်လာသည့် အင်အား ၆၀ ကျော်ပါ စစ်ကြောင်းတို့ ပူးပေါင်းကာ ခင်ဦးမြို့နယ် အနောက်ခြမ်း ကားဆိပ်ရွာ၊ ယာတော်ရွာ ဘက်ကနေ မူးမြစ်ဖြတ်ကူးပြီး ရေဦးမြို့မြောက်ဘက် အောင်မင်္ဂလာရပ်ကွက်ထဲရောက်နေကြောင်း သိရသည်။

Photo – ခင်ဦးမြို့နယ်အတွင်း စစ်တပ်က မီးရှို့ဖျက်ဆီးနေသော ကျေးရွာ တစ်ရွာကို တွေ့ရစဥ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article